အမေရိကန် စိုးရိမ်နေသည့် ကမ္ဘောဒီးယား ရေတပ်စခန်း ပြင်ဆင်မွမ်းမံမှု ပြီးစီးကာနီး

အမေရိကန် စိုးရိမ်နေသည့် ကမ္ဘောဒီးယား ရေတပ်စခန်း ပြင်ဆင်မွမ်းမံမှု ပြီးစီးကာနီး

တရုတ်စစ်တပ် အသုံးပြုရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်ဟု အမေရိကန်က စိုးရိမ်ပူပန်နေသော ကမ္ဘောဒီးယားရှိ ရေတပ်အခြေစိုက်စခန်းတွင် အဓိကဆိပ်ခံတံတား တည်ဆောက်ပြီးစီးသည့် ဂြိုဟ်တုဓာတ်ပုံများ ထွက်ပေါ်လာသည့်နောက်၌ ယင်းရေတပ်စခန်းအား ပြင်ဆင်မွမ်းမံမှုသည် အပြီးသတ်ကာနီးပြီဟု ကမ္ဘောဒီးယားနိုင်ငံက အတည်ပြုလာခဲ့သည်။

တရုတ်သည် ရေတပ်နှင့် စစ်အခြေစိုက်စခန်းများ ကွန်ရက်ဖွဲ့ခြင်းဖြင့် ၎င်း၏ နိုင်ငံတကာအင်အားကို အားဖြည့်တင်းလျက် ရှိနေခြင်းကြောင့် အဆိုပါ ရီအမ်းရေတပ်စခန်းကို ကမ္ဘောဒီးယား၏ နီးကပ်သော မဟာမိတ် တရုတ်အတွက် ပြင်ဆင်တိုးချဲ့နေခြင်းဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူများက သံသယဝင်နေခြင်း ဖြစ်သည်။

ထို ပြုပြင်မွမ်းမံခြင်း လုပ်ငန်းအား တရုတ်က ရန်ပုံငွေ ထောက်ပံ့နေလင့်ကစား ကမ္ဘောဒီးယားက ထိုင်းပင်လယ်ကွေ့ရှိ ယင်းစခန်းသည် မည်သည့် ပြည်ပအင်အားကြီးနိုင်ငံအတွက်မှ မဟုတ်ဟု ရေရည်ငြင်းဆန်ထားသော်လည်း အမေရိကန်နှင့်ကြားတွင် ကာလရှည် အငြင်းပွားမှုက အမြစ်တွယ်လျက် ရှိသည်။

“ဒီစခန်းက ပြီးစီးကာနီးပါပြီ၊ ကျွန်တော်တို့ မကြာခင် ဖွင့်ပွဲလုပ်မှာပါ”ဟု ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ Chhum Socheat က အေအက်ဖ်ပီသို့ ပြောသည်။

“ဒီမှာ တရုတ်စစ်တပ်အခြေစိုက်စခန်း ရှိမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ကြေညာထားပြီးသားပါ၊ ကိုယ့်ပိုင်နက်ဂုဏ်သိက္ခာကို ကာကွယ်နိုင်စွမ်းရှိဖို့ ကျွန်တော်တို့ရဲ့ စစ်တပ်ကို အဆင့်မြှင့်တင်နေတာပဲ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

အမေရိကန် စီးပွားဖြစ် ဓာတ်ပုံကုမ္ပဏီတစ်ခုဖြစ်သော BlackSky မှ ဂြိုဟ်တုဓာတ်ပုံသစ်များတွင် အဆိုပါ လွန်ခဲ့သည့် နှစ်နှစ်ကျော် အဆိုပါ စခန်း၌ တည်ဆောက်ရေးလုပ်ငန်းများ ရုတ်ခြည်း အကောင်အထည်ဖော်လာသည်ကို ပြသလျက် ရှိသည်။

အဆိုပါ ဓာတ်ပုံများတွင် ပင်လယ်ထဲသို့ ငေါထွက်နေသော ၃၆၃ မီတာ (၁၁၉၀ ပေ) ရှည်သည့် ဆိပ်ခံတံတားကို မြင်တွေ့ရကြောင်း ပညာရှင်တစ်ဦးကို ကိုးကားပြီး BlackSky က ဆိုသည်။

အဆိုပါ ဆိပ်ခံတံတားကို လေယာဉ်တင်သင်္ဘောများ ဆိုက်ကပ်ရန်အတွက် တည်ဆောက်ထားသည်ဆိုသော ပြောဆိုချက်များကို Chhum Socheat က ငြင်းဆန်သည်။

အမေရိကန်၏ ရီအမ်းရေတပ်အခြေစိုက်စခန်းအား စိုးရိမ်မှုသည် ယင်းစခန်း၌ စစ်သင်္ဘောများ ဆိုက်ကပ်ရန်အတွက် တရုတ်နှင့် သဘောတူညီချက် တစ်ရပ် ရှိထားသည်ဟု Wall Street Journal က ၂၀၁၉ ခုနှစ်အတွင်း ဖော်ပြခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံသည် ကာလရှည် အုပ်ချုပ်နေသော ဝန်ကြီးချုပ် ဟွန်ဆန်၏ လက်အောက်တွင် တရုတ်နှင့် ပို၍ နီးကပ်လာခဲ့သည်။ ဟွန်ဆန်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရထားပြီး အနောက်နိုင်ငံများကမူ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း ရှုတ်ချထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly