ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ခြုံခိုက်တိုက်ခံရ ၃ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ 

By MTO (မဇ္စျိမ)
27 July 2023
ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ခြုံခိုက်တိုက်ခံရ ၃ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ 

ရေစကြိုမြို့နယ်တွင်း စစ်ကောင်စီတပ်ကို ဒေသန္တရကာကွယ်ရေးတပ်က ယမန်နေ့ (ဇူလိုင် ၂၆ ရက်)က အလစ်အငိုက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေ၍ အနည်းဆုံး ၁၀ ဦး ဒဏ်ရာ ရသည်ဟု သိရသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရှင်မတောင်ပေါ်ရှိ ဆက်သွယ်ရေးတာဝါတိုင်အစောင့်တပ်ဖွဲ့ကို ရိက္ခာပို့ ပြန် လာသော ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရေစကြိုပကဖ) က အသင့်စောင့်ဆိုင်းတိုက်ခိုက်ခြင်းဖြစ်သည်။

ရိက္ခာတင်ကားနှစ်စီးကို အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှစစ်သည်များက ခြေလျင်လျှောက်စောင့် ကြပ်ကာ တောင်ပေါ်မှပြန်ဆင်းလာစဉ် ရေစကြိုပကဖကတိုက်ခိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်သော သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။

“ကျနော်တို့ထောင်ထားတဲ့ မိုင်းပွိုင့်ကိုမြင်သွားပြီး ရှေ့ဆုံးသုံးယောက်က လာဖြုတ်တာ။ အဲဒီသုံးယောက် ကို ပစ်ခတ်ခဲ့တာ နေရာမှာပဲ လဲကျသွားတယ်” ဟု ၎င်းကပြောသည်။

“ကျနော်တို့ ရဲဘော်တွေလက်ဦးခဲ့လို့ သူတို့(စစ်ကောင်စီတပ်)အနည်းငယ်ပဲ ပြန်ပစ်နိုင်တယ်။ ၄၀ မမ နှစ်လုံးပြန်ပစ်တာ ကျနော်တို့ကို မထိဘူး။ သူတို့ဘက်က သုံးဦးသေပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရတယ် လို့ သိရတယ်” ဟု သူက ဆက်ပြောသည်။ 

သေဆုံးဒဏ်ရာရမှုနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။
ယခုတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပခုက္ကူခရိုင်တပ်ရင်း အမှတ်(၉)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly