မြန်မာအလုပ်သမားဈေးကွက်က စိန်ခေါ်မှု အခြေအနေတွင်း ရှိနေဆဲဟု ILO ထုတ်ပြန်

မြန်မာအလုပ်သမားဈေးကွက်က စိန်ခေါ်မှု အခြေအနေတွင်း ရှိနေဆဲဟု ILO ထုတ်ပြန်
Photo: AFP/Ye Aung Thu

မြန်မာနိုင်ငံ၏ အလုပ်သမားဈေးကွက်သည် COVID-19 ကပ်ဘေး၊ ၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ လူမှု-စီးပွား ဝရုန်းသုန်းကား အခြေအနေမှ သက်ရောက်မှုများကို ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ILO ၏ အလုပ်သမားဈေးကွက် နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။

တိုင်းတာမှု မှန်သမျှသည် မြန်မာနိုင်ငံ၏ အလုပ်သမားဈေးကွက်က စိန်ခေါ်မှု အခြေအနေအတွင်း ရှိနေဆဲ ဖြစ်သည်ဟု ILO ၏ ထုတ်ပြန်ချက်၌ ဖော်ထုတ်ထားသည်။

အချို့သော ကဏ္ဍများ၌ အလုပ်ခန့်အပ်ခြင်း အရေအတွက် မကြာသေးမီက ပြန်လည်ဦးမော့သော်လည်း လူဦးရေဖွံ့ဖြိုးမှုနှုန်းထားအရ ဆိုပါက အချိုးမညီဘဲ ရှိနေဆဲ ဖြစ်သည်။ ထိုအတွက် ရလဒ်အားဖြင့် အလုပ်အကိုင်နှင့် လူဦးရေ အချိုးတွင် သိသိသာသာ ကျဆင်းနေပြီး ၂၀၂၂ ခုနှစ်က ၅၄ ဒသမ ၅ ရာခိုင်နှုန်း ရှိရာ ၂၀၁၇ နှုန်းထားထက် ၈ ဒသမ ၂ ရာခိုင်နှုန်း နိမ့်ကျခြင်းပဲ ဖြစ်သည်။

အလုပ်အကိုင် အဆင့်အတန်းမှာလည်း ကျဆင်းနေပြီး အလုပ်သမားအများစုမှာ ရရာအလုပ်အကိုင်များ လုပ်ကိုင်ကြရသည်။ အလုပ်သမား ကုန်ထုတ်စွမ်းအားသည် ၂၀၂၁ အတွင်းက ၈ ရာခိုင်နှုန်း ကျဆင်းပြီး ၂၀၂၂ ပထမနှစ်ဝက်တွင် နောက်ထပ် ၂ ရာခိုင်နှုန်း ကျဆင်းသည်။

အလုပ်အကိုင် ရရှိမှု အချိုးအစား မညီခြင်းသည် အမျိုးသမီးများအပေါ်ကိုပါ သက်ရောက်ပြီး နိုင်ငံတွင်းက အမျိုးသမီးများ၏ အလုပ်အကိုင်နှင့် လူဦးရေအချိုးသည် အမျိုးသားများ အချိုးထက် နှစ်ဆကျော်မျှ  ကျဆင်းသည်။

“မြန်မာနိုင်ငံက အလုပ်အကိုင်အခြေအနေဟာ အထိမခံ ရှိနေတုန်းပဲ၊ အလုပ်သမား တော်တော်များများက အတော်လေး မရေရာတဲ့ အနာဂတ်ကို ရင်ဆိုင်နေရတာနဲ့အတူ စိန်ခေါ်မှုတွေ ရှိနေဆဲပဲ ဖြစ်တယ်၊ ဒီမိုကရေစီ ပြန်လည်ဖြစ်ထွန်းရေးက နိုင်ငံနဲ့ ပြည်သူတွေရဲ့ အနာဂတ်အလားအလာအတွက် အသက်တမျှ အရေးကြီးတယ်”ဟု ILO Myanmar မှ ဆက်ဆံရေး အရာရှိ ဒေါင်လင်းလီက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required