အိန္ဒိယနိုင်ငံသို့ ဝင်ရောက်နိုင်သည့် မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံတွင် ထပ်မံမိုးကြီးနိုင်

By ဂျူချန်း(မဇ္ဈိမ)
27 July 2023
အိန္ဒိယနိုင်ငံသို့ ဝင်ရောက်နိုင်သည့် မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံတွင် ထပ်မံမိုးကြီးနိုင်
ဓါတ်ပုံ-ဘိုဘိုဝင်း (ဇူလိုင် ၁၉ ရက်နေ့ မော်လမြိုင်မြို့)

အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ၊အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်း၊ ဩရိဿပြည်နယ် တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးဇလမှ ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့တွင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာတိုင်း၊ မန္တလေးတိုင်း၊​ စစ်ကိုင်းတိုင်းဒေသ၊ မကွေးတိုင်း နှင့် နေပြည်တော်တို့တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှ ဖော်ပြထားသည်။ 

ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ကာ မုတ်သုံမုန်တိုင်းငယ်သည် အန္ဒိယနိုင်ငံ ဩရိဿကမ်းခြေအနီးသို့ စတင်ဖြတ်ကျော်နိုင်ပြီး ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့တွင် ဇူလိုင်လ ၃၀ ရက်နေ့အထိ ဆက်လက်မိုးကြီးနိုင်သဖြင့် ထိုဒေသများတွင် ရေဘေးအပြင် မြေပြိုခြင်း ဘေးအန္တရာယ်ကိုပါ အထူးသတိထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန (NUG-MOHADM) မှ သတိပေးထားသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး စသည့် မြို့များတွင် မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံ ဖြစ်ပွားခဲ့ရာ အချို့နေရာတွင် အုတ်တံတိုင်းပြိုကျခြင်း၊ လမ်းတံတား မြေပြိုခြင်းနှင့် ရေနစ်သဖြင့် လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့သည်။ 

လတ်တလောတွင် မိုးအနည်းငယ် လျော့နေပြီး အများအားဖြင့် ညပိုင်းတွင်သာ မိုးကြီးတတ်ရာ နေ့ပိုင်းတွင် နေသာလေ့ရှိကြောင်း မော်လမြိုင်၊ ပေါင်၊ မုဒုံနှင့် ရေးမြို့မှ ဒေသခံများက ပြောသည်။

“ညက မိုးကြီးတယ်။ ဒီနေ့တော့ နေသာနေတယ်။ အရင်ကလည်း ညဘက်တွေပဲ ရွာတာများတယ်။ ဟိုတလောကတုန်းကပဲ မိုးကြီးတာပါ” ဟု ရေးမြို့မှ ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ဇူလိုင်လ နောက်ဆုံးအပတ်တွင် မုတ်သုံလေအားကောင်းမှုကြောင့် မိုးပိုနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးများပြီး ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိထားကြရန် NUG-MOHADM မှ သတိပေးထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly