ဆားလင်းကြီးတွင် စစ်ကောင်စီတပ်က ၆ ရက်ဆက်တိုက် စစ်ကြောင်းထိုးနေ၍  ဒေသခံများ မိုးထဲရေထဲ ထွက်ပြေးနေရ 

By ရောင်နီ (မဇ္ဈိမ)
26 July 2023
ဆားလင်းကြီးတွင် စစ်ကောင်စီတပ်က ၆ ရက်ဆက်တိုက် စစ်ကြောင်းထိုးနေ၍  ဒေသခံများ မိုးထဲရေထဲ ထွက်ပြေးနေရ 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က ခြောက်ရက်ဆက်တိုက် စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မုံရွာမြို့မှ ထွက်ခွာလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဇူလိုင်လ ၂၁ ရက်နေ့က စပြီး ချင်းတွင်းမြစ်ကိုဖြတ်ကူးပြီး ဆားလင်းကြီးမြို့နယ်အတွင်း ၀င်ရောက်လာခြင်းဖြစ်သည်။ 

“မုံရွာကနေလာတယ်။ ပြီးတော့ ဆားလင်းကြီးမြို့ရဲ့အရှေ့ဘက်ကို ထိုးတယ်၊ အဲဒီနောက် ၀ိုက်ပြီးတော့ တောင်ဘက်ကိုထိုးတယ်၊ ပ ပုံစံ စစ်ကြောင်းထိုးနေတာပါ” ဟု ယင်းမာပင်ခရိုင် တပ်ရင်း(၂၈) ဓားမဆိုင်း တပ်မတော်မှ ဗိုလ်စွမ်းက မဇ္စျိမကို ပြောသည်။

ယင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ် ရွှေလှေ၊ လက်ပံတောင်း၊ ၀ဲကွဲ၊ ထန်းတောကြီး၊ ရင်ပေါင်ရွာအပါအ၀င် လမ်းတစ်လျှောက်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုး၀င် ရောက်ခဲ့ခြင်း ဖြစ်သည်။

ထို့သို့၀င်ရောက်ရာတွင်  စစ်ကောင်စီတပ်က နေအိမ်များကိုမီးရှို့ခြင်း၊ ပြည်သူများ၏ပစ္စည်းများကို ယူ ဆောင်ခြင်းများပြုလုပ်နေသည့်အတွက်  ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ စစ်ကြောင်းက ပြည်သူတွေကို သတ်တာဖြတ်တာတော့ မရှိသေးဘူး။ ဇူလိုင် ၂၃ ၊ ၂၄ ရက်တွေမှာတော့ ဒေသခံသုံးဦးကို ဖမ်းသွားတာရှိတယ်” ဟု ဓားမဆိုင်းတပ်မတော်မှ ဗိုလ်စွမ်းက ဆိုသည်။ 

ဆားလင်းကြီးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းနေသည့်အတွက်  ရေကြီးရေလျှံ မှုများဖြစ်ပေါ်နေကာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးမှုကြောင့် ပြည်သူများမှာ မိုးရေထဲတွင် ထွက် ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများကို  ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသအခြေစိုက် လူမှုကူညီ ရေးအသင်းအဖွဲ့များက ကူညီကယ်ဆယ်မှုများပြုလုပ်ပေးကာ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးလျက်ရှိ ကြောင်း သိရသည်။

“ဆားလင်းကြီးတမြို့နယ်လုံးကို စစ်ကြောင်း၀င်နေတော့ တိမ်းရှောင်နေရတဲ့သူအရေအတွက်ကို အတိ အကျ မသိရသေးဘူး။ ပြည်သူတွေကတော့ မိုးထဲရေထဲ စစ်ဘေးရှောင်နေရတယ်။ ဒီဘက်မှာ တချို့နေရာ တွေက ရေတွေလည်းကြီးနေတယ်၊ ကျန်းမာရေးရော သွားရေးလာရေးရော ခက်ခဲနေပါတယ်” ဟု ဒေသခံ တဦးက ပြောသည်။

လက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများပြုလုပ်နေဆဲဖြစ်သည့်အတွက် ဒေသခံ များမှမိမိတို့နေထိုင်ရာ ကျေးရွာများအတွင်း ပြန်လည်၀င်ရောက်နိုင်ခြင်းမရှိသေးဘဲ ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

ယနေ့  ဇူလိုင်လ ၂၆ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာနှင့် အနီးနားရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၀င်ရောက်ကာ စားနပ်ရိက္ခာများကို သယ်ဆောင်နေကြောင်း ကာကွယ်ရေး တပ်ဖွဲ့များနှင့် ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုး၀င်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဆားလင်းကြီးမြို့နယ်မှ ပြည်သူများ။ (ဗီဒီယို-Bo Swan)

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#စစ်ကြောင်းထိုး
#ထွက်ပြေးနေရ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly