ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များတွင် မှတ်ပုံတင်အစား Smart Card ပြုလုပ်ပေး နေ

ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များတွင် မှတ်ပုံတင်အစား Smart Card ပြုလုပ်ပေး နေ

ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)အစား စမတ်ကတ် (Smart Card)များ စတင်ပြုလုပ်ပေးနေကြောင်း တပ်တွင်းနှင့်နီးစပ်သူ များထံမှ သိရသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေး စမတ်ကတ်များကို တပ်တွင်းစစ်သည်နှင့် ရဲမေများကိုသာ အဓိကဦးစားပေး လုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး နှစ်နှစ်အတွင်း စမတ်ကတ်များရရှိမည်ဖြစ်ကြောင်း သိရသည်။

“တပ်ထဲကို လဝကရုံးက ဝန်ထမ်းလေးယောက်လာပြီး စမတ်ကတ်တွေ စပြီးလုပ်ပေးနေတယ်။ အခု လောလောဆယ်တော့ ကိုယ်ရေးအချက်အလက်တွေအားလုံး ဖြည့်ရတယ်။ အခုဖြည့်တဲ့ဟာက အတည် လို့လည်းပြောတယ်။ သူတို့မှာ ကွန်ပျူတာပါလာတယ်၊ အဲဒီထဲမှာ အချက်အလက်ရိုက်ထည့်လို့ကျလာရင် အဖေနာမည် မှားနေလား၊ အမေနာမည် မှားနေလား၊ ဘယ်ကနေ ဒီမှတ်ပုံတင်ကို ထုတ်ပေးတာလဲဆိုတာ အားလုံးကျလာတယ်။ အဲဒီမှာလွဲနေတယ်ဆိုရင် မြို့နယ်ရုံးနဲ့တခါတည်းတိုက်စစ်ပြီး ပြင်ပေးတယ်။ ပြီး တော့ စလစ်ထုတ်ပေးတယ်။ အဲဒါနဲ့စမတ်ကတ်ပြန်လဲရမယ်၊ ပျောက်လို့မရဘူးဆိုပြီး ပြောသွားတယ်’’ဟု လည်း  တပ်တွင်းမှရဲမေတဦးက ပြောသည်။

လက်တလောတွင် ဌာနဆိုင်ရာများနှင့် ကုမ္ပဏီဝန်ထမ်းများကိုစာရင်းကောက်ယူပြီး စမတ်ကတ်များကို သက်ဆိုင်ရာကုမ္ပဏီအချို့တွင် စတင်လုပ်ဆောင်ပေးနေပြီး အဆိုပါစမတ်ကတ်ရရှိရန် နှစ်နှစ်နီးပါးကြာ မြင့်ဦးမည်ဟုလည်း သိရသည်။

“လဝကရုံးကလာတဲ့ဝန်ထမ်းက နည်းနည်းလေး၊ အဲဒါကို မနက်ကတည်းကခေါ်ထားပြီး တန်းစီ စောင့်နေ ရတာ။ လက် ၁၀ ချောင်းလုံး လက်ဗွေနှိပ်ရတယ်၊ မျက်လုံးကို စကင်ဖတ်တယ်။ ကိုယ်ရေးအချက်အလက် ထည့်သွင်းတာတွေ လုပ်ရတယ်။ အင်တာနက်လိုင်းမကောင်းတော့ တယောက်တယောက် အကြာကြီး စောင့်နေရတယ်။ အခုပေးထားတဲ့စလစ်ကို မပျောက်စေနဲ့ ဒါနဲ့စမတ်ကတ်ထုတ်ရမှာဆိုပြီးပြောတယ်” ဟုလည်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်များကို စမတ်ကတ်အဖြစ်ပြောင်းလဲရန် စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ရှေ့ပြေးအနေဖြင့် အချက် အလက်ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း စစ်ကောင်စီက ၂၀၂၀ မဲရလဒ် ကို မဲလိမ်ခဲ့သည်ဆိုသည့်အကြောင်းပြချက်ဖြင့်  အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

လက်ရှိ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိထားသည့် လူဦး ရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်ထားရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်၏ နှစ်လယ်ဖြစ်သော ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင်ရှိသည့် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၅ ဒသမ ၈ သန်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly