ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးကြောင့် လူသေဆုံးမှု စံချိန်တင်များပြားမည်ကို စိုးရိမ်ပူပန်နေရ

By ဘန်ကောက်ပို့စ်
26 July 2023
ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးကြောင့် လူသေဆုံးမှု စံချိန်တင်များပြားမည်ကို စိုးရိမ်ပူပန်နေရ
Photo-AFP

ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ် မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေသည်ဖြစ်ရာ ယင်းနိုင်ငံ၌ အဆိုပါ ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါကြောင့် နှစ်နှစ်ဆက်တိုက် သေဆုံးမှုနှင့် ကူးစက်မှုအရေအတွက် စံချိန်တင် များပြားမှု ဖြစ်နိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက် ရှိသည်။

ယခုနှစ် လက်ရှိအချိန်အထိ မြို့တော် ဒါကာ၌ ထက်ဝက်ကျော် အပါအဝင် လူ ၂၀၁ ဦးထက်မနည်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးခဲ့ရပြီး လူ ၃၇,၀၀၀ ကျော်သည် ယင်းရောဂါပိုး ကူးစက်ခံခဲ့ရသည်ဟု တရားဝင်အချက်အလက်များအရ သိရသည်။

၂၀၂၂ တွင် လူ ၆၂,၄၂၃ ဦး သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားခဲ့ပြီး သွေးလွန်တုပ်ကွေးကြောင့် လူ ၂၈၁ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်းနှင့် ယင်းက အာဏာပိုင်များက ၂၀၀၀ ပြည့်နှစ်တွင် စာရင်းမှတ်တမ်း စတင်ကောက်ယူထိန်းသိမ်းပြီးနောက်ပိုင်း စံချိန်တင် အများဆုံး ဖြစ်ကြောင်း ကိန်းဂဏန်းများက ပြသနေသည်။

အထူးသဖြင့် ဒါကာမြို့ရှိ ဆေးရုံများ အပါအဝင် ယင်းနိုင်ငံရှိ ဆေးရုံများသည် အဖျားကြီးခြင်း၊ အဆစ်များ နာကျင်ခြင်း၊ အော့အန်ခြင်းတို့ ခံစားနေရသည့် များပြားလှသော လူနာများကို လက်ခံနေရာပေးနိုင်ရန် အပြင်းအထန် ကြိုးပမ်းနေရကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

ဇွန်လမှ စက်တင်ဘာလအထိ မုတ်သုံရာသီကာလအတွင်း တောင်အာရှတွင် ဖြစ်လေ့ရှိသည့် ထို သွေးလွန်တုပ်ကွေးရောဂါကို အထူးတလည် ကုသသည့် ဆေးဝါး သို့မဟုတ် ထိရောက်သော ကာကွယ်ဆေး မရှိပေ။ ယင်းရောဂါပိုးကို သယ်ဆောင်ကူးစက်ပျံ့နှံ့စေသည့် အေးဒီးစ် ခြင်သည် ရေသေ၊ ရေပုပ်များတွင် ပေါက်ဖွားရှင်သန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required