ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှေ့လထဲ နိုင်ငံသို့ ပြန်လာမည်ဟု သမီးဖြစ်သူ ပြော

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှေ့လထဲ နိုင်ငံသို့ ပြန်လာမည်ဟု သမီးဖြစ်သူ ပြော

ထိုင်းနိုင်ငံ၏ ဘီလျံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာသည် ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်နေထိုင်ရာမှ လာမည့် ဩဂုတ်လ ၁၀ ရက်တွင် နိုင်ငံသို့ ပြန်လာလိမ့်မည် ဖြစ်ကြောင်း ၎င်း၏ သမီးဖြစ်သူက ဇူလိုင် ၂၆ ရက်တွင် ပြောသည်။

၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖြုတ်ချခံခဲ့ရသည့် အသက် ၇၄ နှစ်ရှိ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ၎င်း အိမ်ပြန်လာချင်သည်ဟု ကာလကြာကတည်းက ထုတ်ဖော်ပြောဆိုထားခဲ့သော်လည်း ပြစ်မှုဆိုင်ရာ စွဲချက်အများအပြားနှင့် ရင်ဆိုင်နေရသည်။ ထို စွဲချက်များက နိုင်ငံရေးအရ အရင်းခံသည်ဟု ၎င်းက ပြောသည်။

သက်ဆင်သည် ထိုင်း၏ စစ်တပ်လိုလားသော၊ ဘုရင်စနစ် ထောက်ခံသူ ဩဇာရှိ ရှေးရိုးဝါဒီတို့အတွက် စိုးရိမ်ထိတ်လန့်စရာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ၎င်း နိုင်ငံသို့ ပြန်လာခြင်းက လက်ရှိ တင်းမာလျက် ရှိသော နိုင်ငံရေး အခြေအနေတစ်ရပ်အပေါ် မီးလောင်ရာ လေပင့်ဖြစ်စေနိုင်သည်။

ပြီးခဲ့သည့်မေလ ရွေးကောက်ပွဲတွင် ပြုပြင်ပြောင်းလဲရေးဝါဒီ ရှေ့သို့ချီ (MFP) ပါတီက အနိုင်ရသော်လည်း ထိုပါတီ၏ ခေါင်းဆောင် ဝန်ကြီးချုပ် ဖြစ်မလာစေရန် စစ်တပ် လွှမ်းမိုးသော ဆိနိတ်က ပိတ်ဆို့တားမြစ်ခဲ့ပြီးနောက် နိုင်ငံသည် နိုင်ငံရေး မဆုတ်သာ မတိုးသာ အခြေအနေတစ်ရပ်အောက် ကျရောက်နေသည်။

“ကျွန်မ ခုရေးမယ့် ကိစ္စနဲ့ပတ်သက်လို့ ယုံတောင် မယုံနိုင်အောင် ဖြစ်နေတယ်။ အဖေ (သက်ဆင်) က ဩဂုတ် ၁၀ ရက်ကျရင် ဒွန်မောင်းလေဆိပ်ကို ပြန်ရောက်ပါတော့မယ်” ဟု သမီးဖြစ်သူ ပေတုံတန် ရှင်နာဝါထရာက သက်ဆင်၏ မွေးနေ့ဖြစ်သည့် ဇူလိုင် ၂၆ တွင် သူမ၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် ရေးသားသည်။

ပေတုံတန်သည် ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ MFP ပါတီ၏နောက် ဒုတိယနေရာဖြင့် မဲအများဆုံးရခဲ့သည့် ဖျူထိုင်းပါတီ၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်ပြီး လက်ရှိတွင် အစိုးရဖွဲ့ရန် MFP ပါတီ၏ ကြိုးပမ်းချက် ပိတ်ဆို့ခံရပြီးနောက် ဖျူထိုင်းပါတီက အစိုးရတစ်ရပ်ဖွဲ့ရန် ကြိုးပမ်းလျက် ရှိသည်။

“ကျွန်မနဲ့ ကျွန်မတို့ မိသားစုဝင်တွေရဲ့ စိတ်ထဲမှာ စိတ်လှုပ်ရှား၊ ဝမ်းသာ၊ ပူပန်တာတွေ ခံစားနေရတယ်။ ဒါပေမယ့် အဖေ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မတို့ အလေးထားတယ်” ဟု သူမက ရေးသည်။
မေလ ရွေးကောက်ပွဲ မတိုင်မီ ရက်များက သက်ဆင်က ၎င်း၏ မွေးနေ့မတိုင်မီ ထိုင်းသို့ ပြန်လာချင်ကြောင်း၊ ၎င်းသည် အသက်အရွယ်ရလာပြီ ဖြစ်သည့်အတွက် မြေးများနှင့်အတူ အချိန်ကုန်ဆုံးချင်ကြောင်း ဆိုရှယ်မီဒီယာမှ ပြောသည်။

သက်ဆင်သည် ၂၀၀၈ ခုနှစ်က အကျင့်ပျက်ခြစားမှု စွဲချက်ဖြင့် မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ယင်းနောက်မှစ၍ အခြားသော အမှုကိစ္စများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း ၎င်းအနေဖြင့် တရားရုံးများ၌ ရင်ဆိုင်ရန် အသင့်ရှိသည်ဟု မေလက ပြောသည်။

သက်ဆင်နှင့် ဆက်နွယ်ပတ်သက်သည့် ပါတီများသည် ၂၀၀၁ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံရေးတွင် လွှမ်းမိုးခဲ့သော်လည်း ထိုပါတီများသည် စစ်အာဏာသိမ်းမှုများကြောင့် ဝန်ကြီးချုပ်နှစ်ဦးနှင့် တရားရုံးအမိန့်ချမှတ်မှုတစ်ခုကြောင့် အခြားတစ်ဦးတို့ကို ဆုံးရှုံးထားခဲ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required