ကျပ်ငွေအပေါ် မမှီခိုသည့် ဘဏ္ဍာရေးစနစ်တည်ဆောက်ရန် NUG ယာယီသမ္မတတိုက်တွန်း

By ရောင်နီ (မဇ္စျိမ)
26 July 2023
ကျပ်ငွေအပေါ် မမှီခိုသည့် ဘဏ္ဍာရေးစနစ်တည်ဆောက်ရန် NUG ယာယီသမ္မတတိုက်တွန်း
ကုန်ဈေးနှုန်းများ မြင့်တက်နေချိန် စစ်ကောင်စီက ခွဲတမ်းဖြင့်ရောင်းချသည့် ဆီဝယ်ယူရန် တန်းစီနေသူများ -Photo/Mizzima

ပြည်သူလူထုကို ကာကွယ်ရန်အတွက်စစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းစဥ်များကို ချဲ့ထွင်ရန်နှင့် လူထု၏ လုပ်အားတန်ဖိုးများဆုံးရှုံးမှုမဖြစ်စေရေးအတွက် ကျပ်ငွေအပေါ် အမှီသဟဲမပြုသည့်  ဘဏ္ဍာရေးစနစ်မျိုးကို  စနစ်တကျတည်ဆောက်ပေးရလိမ့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ယာယီသမ္မတဒူ၀ါလရှီးလက ပြောကြားသည်။ 

ဇူလိုင်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတဒူဝါလရှီးလက အစိုးရအဖွဲ့၀င်များကို မိန့်ခွန်းပြောကြားရာ၌  အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ 

" လူထုဟာ သူတို့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးသူကိုသာ ယုံကြည်စွာ အပ်နှံလေ့ရှိပါတယ်။ ဒါ့ကြောင့် လူထုရဲ့လုပ်အားတန်ဖိုးတွေကို လေထဲမှာ အလိုအလျောက် ဆုံးရှုံးတာမျိုး မဖြစ်စေဖို့၊ ကျပ်ငွေအပေါ် အမှီသဟဲမပြုတဲ့ ဘဏ္ဍာရေးစနစ်မျိုးကို ကျွန်တော်တို့ အနေနဲ့ စနစ်တကျ တည်ဆောက်ပေးရပါလိမ့်မယ်။ ဒါမှသာလျှင် စစ်ကောင်စီရဲ့ လက်အောက်ကလွတ်တဲ့ ဘဏ္ဍာရေးရပ်ဝန်းကို ပြည်သူတွေက ခံစားခွင့်ရမှာ ဖြစ်ပါတယ်" ဟု  ယာယီသမ္မတဒူ၀ါလရှီးလက ပြောသည်။ 

လက်ရှိတွင်  NUG  အစိုးရအနေဖြင့်  “နွေဦးဖွံ့ဖြိုးရေးဘဏ်” ကို တရားဝင်ဖွင့်လှစ်ထားပြီး နွေဦးဖွံ့ဖြိုးရေးဘဏ်၏ ဖြစ်တည်မှုသည် မြန်မာကျပ်ငွေ၏ မခိုင်မာမှုကို အစားထိုးပေးနိုင်မည့် လူထုမျှော်လင့် ချက်ဖြစ်သင့်ကြောင်း တိုက်တွန်းပြောကြားသည်။ 

 “ တကယ်တော့ လူထုဟာ ကျပ်ငွေအပေါ်မှာ မှီခိုအားထားနေရပါတယ်။ ဒါ့ကြောင့် လူထုလုပ်အားတွေကို ကျပ်ငွေ မတည်ငြိမ်မှုက ဖျက်စီးလိုက်သလိုမျိုး မဖြစ်အောင် ကျွန်တော်တို့ ဘက်က ခေတ်မှီဘဏ္ဍာရေးမဟာဗျူဟာတွေနဲ့ အကာအကွယ်ပြုပေးဖို့ လိုပါတယ်။ အဲသည့်လို အကာအကွယ် ပြုနိုင်ဖို့အတွက် ယခုလက်ရှိ နွေဦးဖွံ့ဖြိုးရေးဘဏ်က တည်ဆောက်နေတဲ့ ဘဏ္ဍာရေးစနစ်အပေါ်ကို လူထုယုံကြည်မှု ပိုရလာဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။

ပြည်သူလူထုအား နိုင်ငံရေးအရ စည်းရုံးလှုံ့ဆော်ရန် လိုအပ်သလို လက်တွေ့ အကျိုးခံစားခွင့်ကို သိသိသာသာ ပြနိုင်ရန်လည်း  ကြိုးစားသင့်ကြောင်းလည်း ယာယီသမ္မတဒူ၀ါလရှီးလက တိုက်တွန်းသည်။  

စစ်ကောင်စီရိုက်နှိပ်ဖြန့်‌ဝေမည့် ကျပ် ၂၀,၀၀၀တန် ငွေစက္ကူကိစ္စနှင့် ပတ်သက်ပြီး လတ်တလောကာလတွင် ပြည်သူလူထုကြား စိုးရိမ်ပူပန်နေရကြောင်းလည်း ယာယီသမ္မတဒူ၀ါလရှီးလ၏ မိန့်ခွန်းတွင်ထည့်သွင်းပြောကြားသွားသည်။ 

စစ်အာဏာရှင်များလက်ထက်တွင်  တိုင်းပြည်အတွင်း ငွေကြေးဖောင်းပွမှုဒဏ်ကို လူထုက အလူးအလဲ ခံရပြီး လူထု၏လုပ်အားများသည် သွယ်ဝိုက်သည့်နည်းဖြင့်  စစ်အာဏာရှင်အဆက် ဆက်၏ ဂုတ်သွေးစုတ်အမြတ်ထုတ်ခံနေရကြောင်း၊ စစ်ကောင်စီသည်  နိုင်ငံခြားငွေ ဖြည့်တင်းရေးကိစ္စကို နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေပြီး ထိုသို့လုပ်ဆောင်မှုသည် တိုင်းပြည်တိုးတက်ရန်မဟုတ်ဘဲ  စစ်လက်နက်အင်အား ဖြည့်တင်းကာ ပြည်သူကို ဖိနှိပ်ရန် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်းသတိပေးထားသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၏  အဓိကတာဝန်သည် ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရန်ဖြစ်ပြီး စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်ကြောင်းလည်း ယာယီသမ္မတက ပြောကြားသွားသည်။

ထို့အပြင်နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီကို တော်လှန်သည့် ထိုးနှက်ချက်များကိုကြည့်ပါက သိပ္ပံနှင့် နည်းပညာ၏ အခန်းကဏ္ဍကြီးမားပြီး ခေတ်၏ အားသာချက်ကို ကောင်းကောင်းအသုံးချ ကိုင်တွယ်နိုင်သည့် ခေါင်းဆောင်မှုအရည်အသွေး ရှိမှသာ လူထုအတွက် တော်လှန်ရေးရလဒ်လက်တွေ့ အကျိုးဖြစ်စေမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ဝင်များအား  ယာယီသမ္မတက  ပြောကြားထားသည်။

" လူထုဟာ နေ့စဉ် စားဝတ်နေရေး စရိတ်စက ကြီးမားတဲ့ ဝန်ကို ထမ်းနေရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေအနေနဲ့ ပိုပြီး အမြင်ကျယ်ကျယ်နဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ချဲ့ထွင်ဖို့ လိုပါတယ်” ဟု ယာယီသမ္မတဒူ၀ါလရှီးလက ပြောသည်။ 

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required