ကျောက်တံခါးမြို့နယ်တွင်  တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ၅ ဦးသေဆုံး

By ရွှေနွယ် (မဇ္ဈိမ)
26 July 2023
ကျောက်တံခါးမြို့နယ်တွင်  တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ၅ ဦးသေဆုံး
ပုံစာ- ဇူလိုင် ၂၅ရက်တိုက်ပွဲတွင်စစ်ကောင်စီတပ်ထံမှရရှိသော BA94 သေနတ်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအနီးတွင် ဇူလိုင်လ ၂၅ ရက်နေ့ ညပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၅ ရက်နေ့ ည ၉ နာရီခန့်က ကားကြီးတစီး၊ ဘေးတွဲနှစ်စီးဖြင့် နံဇကျေးရွာဘက်သို့ ရောက်ရှိ လာသော စစ်ကောင်စီတပ်မှအင်အား ၄၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရှေ့ထွက်မိုင်း ဖြင့် အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အပြန်အလှန်ထိတွေ့မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတဦး အပါအဝင် ငါးဦးသေဆုံးကာ ခုနစ်ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့သဖြင့် တောင်ငူဆေးရုံသို့ အတွင်းလူနာအဖြစ် ပို့ ဆောင်ထားရကြောင်း ကျောက်တံခါး ပ.က.ဖ မှပြောကြားသည်။

“တိုက်ပွဲကနေ BA-94 တလက်ရတယ်။ ဒီမနက်မှာလည်း ရေတွင်းကုန်းရွာဘက်ကို လူနာတင်ယာဉ်တွေ ရောက်နေတယ်ကြားတယ်” ဟု ကျောက်တံခါး ပ.က.ဖ မှ ဆိုသည်။

ကျောက်တံခါးမြို့နယ် နံဇကျေးရွာတွင် ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် EAO ၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီ တပ် ဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် ၄၁ ဦးသေဆုံးကာ ၄၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အမျိုး သားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ဇူလိုင်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် နံဇကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ ပြီး ပြည်သူများ၏ပစ္စည်းများကိုလည်းယူဆောင်သွားသည်ဟု ကျောက်တံခါးမြို့နယ်အတွင်းမှ တော်လှန် ရေးတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြောသည်။

“နံဇရွာကို စစ်ကောင်စီတပ်က မီးအကြိမ်ကြိမ်ရှို့လို့ နေအိမ်ကိုလုံးမီးလောင်ပျက်စီးခဲ့ရပါတယ်။ စပါးရိတ် ခြွေစက်၊ ဆိုင်ကယ်တွေနဲ့ အခြားအဖိုးတန်ပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်သားတွေ သယ်ယူသွား တယ်” ဟု ဆိုသည်။

လက်ရှိတွင် ကျောက်တံခါးမြို့နယ်အတွင်း စစ်ရေးအခြေအနေတင်းမာနေပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ရမ်းသန်ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် နံဇ၊ စဉ့်အိုးလှ၊ တလိုင်းခင်၊ ဖိုးတ၊ ချောင်း ဝ၊ တောင်ခင်၊ အလှိုင်နှင့် နွားရေချောင်း စသည့်ကျေးရွာများမှ ဒေသခံ ၈,၀၀၀ ခန့်သည် အိုးအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်သည် ရန်ကုန်−မန္တလေး လမ်းဟောင်းပေါ်တွင်တည်ရှိသည့် မြို့နယ်ဖြစ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ “လမ်းများအားလုံးနေပြည်တော်သို့” စစ်ဆင်ရေးကြေ ညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း စစ်ရေးအခြေအနေတင်းမာနေခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက ရန်ကုန်−မန္တလေး အမြန်လမ်းတစ်လျှောက်နှင့်အတူ ရန်ကုန်မှ နေပြည်တော် သို့သွားရာလမ်းများတွင် လုံခြုံရေးများတိုးမြှင့်ချထားပြီး အထူးကြပ်မတ်နေကြောင်း ပဲခူးတိုင်း မြေပြင် တော်လှန်ရေးအင်အားစုများ၏ ပြောဆိုချက်အရသိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required