လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်နီပြည်သူ အများအပြား ထွက်ပြေး တိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေ 

By မဇ္ဈိမ 
26 July 2023
လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်နီပြည်သူ အများအပြား ထွက်ပြေး တိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေ 

ကရင်နီ ပြည်နယ် (ကယားပြည်နယ်) အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ဒေသခံကိုးထောင်ကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေရတယ်လို့ အကူအညီပေးနေသူတွေကပြောပါတယ်။

မြန်မာနိုင်ငံအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ကရင်နီ ပြည်နယ်(ကယားပြည်နယ်) က အိုးအိမ်စွန့်ခွာထွက်ပြေးလာရတဲ့ ပြည်သူ ၉၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံ မြောက်ပိုင်းနယ်စပ်က ခရိုင် ၃ ခုရှိ ဒုက္ခသည်စခန်း (၅)ခုမှာ သွားရောက်ခိုလှုံနေရတယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက  ဖော်ပြခဲ့ပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးလုပ်ဆောင်လာတာကြောင့် ထိုင်း-မြန်မာ နယ်စပ်မှာ စစ်ဘေးရှောင်နေရသူတွေ ပိုမိုများပြားလာတယ်လို့ ဘန်ကောက်ပို့စ်သတင်း က ဆိုပါတယ်။

ထိုင်းနိုင်ငံက တာဝန်ရှိဒေသခံတွေရဲ့ အဆိုအရ မဲဆာရီယန်၊ ခွန်ယွမ်နဲ့ မောင်း ခရိုင်တို့မှာ မြန်မာဒုက္ခသည် ၉၀၆၄ ဦး လာရောက်ခိုလှုံနေကြရပြီး လက်ရှိမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးအပ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်က ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၆ နာရီမှစတင်ကာ ၂၄ နာရီအတွင်း လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး ဒီလို ဆိုးရွားပြင်းထန်တဲ့ တိုက်ခိုက်မှုမှာ FTC-200G နဲ့ K-8 လေယာဉ်တွေကို အသုံးပြုခဲ့တာလို့ သိရပါတယ်။

ကရင်နီဒေသမှာ တိုက်ပွဲတွေကြောင့် ဒေသခံ အများစုဟာ အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာ တိမ်းရှောင်နေကြရသလို လက်ရှိမှာ စားရေးသောက်ရေး ခက်ခဲတဲ့အပြင် ကျန်းမာရေး ပြဿနာတွေကလည်း ပိုများလာပါတယ်။

ဒါ့အပြင်ဒီမော့ဆိုမြို့ အရှေ့ခြမ်းက စစ်ပြေး ဒုက္ခသည်တွေကြား အခုရက်ပိုင်း ငှက်ဖျားရောဂါတွေ ဖြစ်နေပြီး ဆေးပစ္စည်းတွေကလည်း ပြတ်လပ်နေတယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ 

တချိန်တည်းမှာပဲ ရာသီတုပ်ကွေးတွေကလည်း ဆက်လက်ကူးစက်နေပြီး ဖရူဆိုမြို့နယ် အနောက်ခြမ်းမှာဆိုရင် စစ်ရှောင်တွေရဲ့ ၇၅ ရာခိုင်နှုန်းလောက် ရာသီတုပ်ကွေး ဖြစ်နေပါတယ်။ အလားတူ ဖယ်ခုံဘက်မှာလည်း ရာသီတုပ်ကွေး ကူးစက်သူတွေ ပိုများလာနေကြောင်းသိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ ဖုန်းလိုင်းတွေ ပြတ်တောက်ပြီး လမ်းပန်း ဆက်သွယ်ရေးကလည်း ပိုပြီး ခက်ခဲလာတာကြောင့် ခုနောက်ပိုင်း စစ်ပြေး ဒုက္ခသည်တွေ အတွက် အကူအညီရဖို့ ပိုခက်ခဲလာနေပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ကယား(ကရင်နီ)ပြည်နယ်မှာ အရပ်သားလေးရာကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတကာတရားရုံးတွေမှာ သက်သေအဖြစ်တင်သွင်းနိုင်ဖို့ အချက်အလက်တွေကို ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က စာရင်းပြုစုနေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly