ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းဖို့အစီအစဉ်ရှိ

By မဇ္ဈိမ 
26 July 2023
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းဖို့အစီအစဉ်ရှိ

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ဖို့ အာဏာသိမ်းစစ်ကောင်စီက စီစဉ်နေတယ်လို့ လုံခြုံရေးတာဝန်ရှိသူတဦးကို ကိုးကားပြီး AP သတင်းဌာနက ဇူလိုင်လ ၂၅ ရက်နေ့က ဖော်ပြလိုက်ပါတယ်။

နေပြည်တော်အချုပ်ထောင်မှာ ထောင်တွင်းအကျဉ်းချခံထားရတဲ့ ‌နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယဝန်ကြီးအဆင့် နေထိုင်တဲ့နေပြည်တော်က နေအိမ်တစ်လုံးကို စစ်ကောင်စီကပြောင်းရွှေ့လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သိရှိသူကပြောပါတယ်။

စစ်ကောင်စီကတည်တဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးဖွင့်ပွဲအထိမ်းအမှတ်အဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်ပြောင်းဖို့ ကြေညာဖို့ရှိတယ်ဆိုပြီး နေပြည်တော်မှာရှိတဲ့ တာဝန်ရှိသူတဦးက အေပီသတင်းဌာနကို ပြောဆိုတယ်လို့ရေးပါတယ်။ 

အဲဒီ ဗုဒ္ဓရုပ်ပွားတော်ဖွင့်ပွဲအခမ်းအနားက လာမယ့်အပတ် အင်္ဂါနေ့လုပ်ဖို့ စီစဉ်ထားတယ်လို့လည်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာ ပြောင်းရွှေ့မယ်၊ ဘယ်နေ့ပြောင်းမယ် ဆိုတာကိုတော့ အတိအကျမသိကြောင်းလည်း နေပြည်တော်အရာရှိကပြောကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့် နှစ်ဦးတည်းတွေ့ဆုံခွင့်ရခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ထားတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာပါ။

နီးစပ်သူတွေကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး အကျဉ်းထောင်မှာ လာရောက်တွေ့ဆုံတာမဟုတ်ဘူးလို့ ပြောဆိုကြသလို၊အဲ့ဒီအချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို နေရာ ပြောင်းရွှေ့ထားသလား ဆိုတာလည်း သေချာမသိရပါဘူး။

ထိုင်းဝန်ကြီးရဲ့ အဆိုပါခရီးစဉ်က မြန်မာစစ်ကောင်စီနဲ့ ဘန်ကောက်အစိုးရတို့ကြား ဆက်ဆံရေး ပိုမို ခိုင်မာအားကောင်းစေရုံ ထွင်လုံးသက်သက်သာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေဘက်က ဝေဖန်ထောက်ပြကြပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတာဖြစ်ပြီး ၂၀၂၂ ဇွန်လ ၂၂ ရက်နေ့မှာ နေပြည်တော်နေအိမ်ကနေ အကျဉ်းထောင်ကို မပို့ခင်အထိ စစ်တပ်စခန်းလို့ ယူဆရတဲ့ နေရာတစ်ခုမှာ ချုပ်နှောင်ထားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၂၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ နောက်၊ အစိုးရနောက်သက်တမ်းအတွက် လွှတ်တော်ခေါ်ယူမယ့်အချိန်မှာ စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်အားလုံးနီးပါးကို ဖမ်းဆီးထောင်ချခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မမျိုးစုံနဲ့ တရားစွဲခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေကနေ စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ တုံ့ပြန်ထားတာမရှိသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required