မြို့ ၄ မြို့၌ ၄ ရက်အတွင်း ငလျင် ၄ ကြိမ်လှုပ်

By ရောင်နီ (မဇ္စျိမ)
25 July 2023
မြို့ ၄ မြို့၌ ၄ ရက်အတွင်း ငလျင် ၄ ကြိမ်လှုပ်
Photo - မအူပင်မြို့တွင် ဇွန်လ ၇ရက်က ငလျင်ကြောင့် အဆောက်အဦတစ်ခု ပြိုကျပြီးနောက် မြင်တွေ့ရသည့် အပျက်အစီးများ

မြန်မာနိုင်ငံအထက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသ မြို့နယ်လေးခုတွင် အင်အားအနည်းငယ်ရှိ မြေငလျင် လေးရက်အတွင်း လေးကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ 

စစ်ကိုင်းတိုင်း၊ လေရှီးမြို့နှင့် မင်းကင်းမြို့ မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တို့တွင် ဇူလိုင်လ ၂၂ ရက်မှ ဇူလိုင်လ ၂၅ရက်အတွင်း  အင်အားအနည်းငယ်အဆင့်ရှိ ငလျင်တစ်ကြိမ်စီလှုပ်ခတ်ခဲ့ခြင်းဟု သိရသည်။

ဇူလိုင်လ ၂၂ ရက် နံနက်က လေရှီးမြို့၏ တောင်-အရှေ့တောင်ဘက် ၁၆မိုင်ခန့်အကွာတွင် အင်အား ရစ်(ခ်)တာစကေး ၄ဒသမ ၇ အဆင့်ငလျင်၊  ဇူလိုင်လ ၂၃ ရက် နေ့လယ်တွင် မာန်အောင်မြို့၏ တောင်-အရှေ့တောင်ဘက် ၁၄  မိုင်ခန့်အကွာ၌ ရစ်(ခ်)တာစကေး ၄ အဆင့်ငလျင်၊ယ‌င်းနေ့ညတွင်  ဂန့်ဂေါမြို့၏ အရှေ့မြောက်ဘက်၁၆ မိုင်ခန့်အကွာ၌ ရစ်(ခ်)တာစကေး ၄ဒသမ၆အဆင့်ငလျင်နှင့် ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ နံနက်တွင် မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက် ၄ မိုင်ခန့်အကွာ၌ ရစ်(ခ်)တာစကေး ၄ဒသမ၃အဆင့်ငလျင် လှုပ်ခတ်ခဲ့ခြင်းဟု စစ်ကောင်စီလက်အောက်ခံမိုးဇလဌာနက ထုတ်ပြန်ထားသည်။ 

အဆိုပါ ငလျင်များသည် အင်အားအနည်းငယ်အဆင့်သာရှိ၍ လှုပ်ရှားမှုမပြင်းထန်ခဲ့ဘဲ ထိခိုက်ပျက်စီးမှုလည်းမရှိကြောင်း သက်ဆိုင်ရာဒေသများမှ ဒေသခံများက မဇ္ဈိမကို ပြောသည်။

" ငလျင်လှုပ်ရှားမှုကို သိတယ်။ ထိခိုက်တာတော့ မရှိဘူး"ဟု မင်းကင်းမြို့ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် မေလနှင့် ဇွန်လအတွင်းက ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအတွင်း အင်အားအသင့်အတင့်ရှိသော ငလျင်အချို့လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသတွင် မေလ ၃၁ ရက်က ရစ်(ခ်)တာစကေး ၅ဒသမ၉အဆင့်ငလျင်လှုပ်ခတ်ခဲ့ရာ ဘာသာရေးအဆောက်အဦအချို့နှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။ဧရာဝတီတိုင်း၊မအူပင်မြို့တွင် ဇွန်လ ၇ ရက်နေ့ညနေက ရစ်(ခ်)တာစကေး ၄ ဒသမ ၈အဆင့်ငလျင် လှုပ်ခတ်ခဲ့ရာ ဘာသာရေးအဆောက်အဦတစ်ခုပြိုကျပြီး  သီလရှင်တစ်ပါးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ထို့အပြင် မအူပင်မြို့နယ် ထွေအုပ်ရုံး၊ ဆယ်သွယ်ရေးရုံး ၊ဆေးရုံ၊မိုးကုတ်ဝိပဿနာကျောင်းတိုက်၊အထည်ချုပ်စက်ရုံ၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၊တရားရုံးနှင့်လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံပြည်တွင်းတွင်  မတူညီသောဒေသများ၌ ငလျင်များ မကြာခဏ လှုပ်ခတ်နေခြင်းသည် ထူးခြားပြီး ငလျင်ဘေးအန္တရာယ်ကို ဂရုပြုနေထိုင်ကြရန် ဘူမိဗေဒပညာရှင်တစ်ဦးက အကြံပြု သတိပေးသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly