စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ကလေးငယ် ၄ ဦးအပါအဝင် ဒေသခံ ၁၀ ဦး ဒဏ်ရာရ

By YT  ( မဇ္ဈိမ)
25 July 2023
စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ကလေးငယ် ၄ ဦးအပါအဝင် ဒေသခံ ၁၀ ဦး ဒဏ်ရာရ
ဓါတ်ပုံ- (KNU) ဒဏ်ရာရ ကလေးငယ်နှစ်ဦး

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် စစ်ကောင်စီတပ် အထိုင်ချတပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ကလေးငယ်လေးဦးအပါအဝင် ဒေသခံ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ထုတ်ပြန်ချက်များအရ သိရသည်။ 

" သူတို့က စစ်တိုက်လို့ မနိုင်ရင် ပြည်သူကို လုပ်မှာပဲ၊ PDF၊ KNU တွေနေတယ်ဆိုပြီး ရွာတွေထဲ လက်နက်ကြီးတွေထုမယ်၊ အခုဆို လက်နက်ကြီးပစ်တာပဲ မဟုတ်ဘူး၊ အိမ်မီးရှို့ ရွာမီးရှို့ လေယာဉ်နဲ့ ဗုံးကြဲတယ်၊ ဒါသူတို့လုပ်နေကျပါပဲ" ဟု KNLA သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် ခြေလျင်တပ်ရင်း ခလရ (၉၇) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရေလည်ကုန်း ကျေးရွာနေ အသက် ၃၀ အရွယ်ရှိ နော်ဆိ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့ ဇူလိုင်လ ၂၄ ရက်က ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့၊ ညနေပိုင်းကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ သူဌေးကုန်းမီးရထားဘူတာတွင် အခြေချနေသော ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄) မှ စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် ကျောက်ကြီးမြို့နယ်မှ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို၏ ဇူလိုင်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။  

ထိခိုက်ဒဏ်ရာရသူများမှာ ကျောက်ကြီးမြို့နယ်၊ ချွဲတလဲကျေးရွာမှ အသက် ၄၆ နှစ်အရွယ်ရှိ နော်အေးဆေးဖော၊ ငဖယ်အင်းကျေးရွာမှ အသက် ၄၂ နှစ်အရွယ်ရှိ စောဝါးဂေ၊ အသက် ၃၆ နှစ်အရွယ်ရှိ နော်အယ်ဆဲနေမူးနှင့် အသက် ၁၂ နှစ်အရွယ်ရှိ စောအယ်စယ်ထူးတို့ ဖြစ်သည်။ 

ထို့အပြင် ဇူလိုင်လ ၂၁ ရက်နေ့၊ နေ့လယ်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၂၀၆) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သထုံမြို့နယ်၊ အစူးအင်းကျေးရွာအုပ်စု၊ ကဇိုင်းကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ဒေါ်ဝင်း ဘယ်ဘက်ခြေသလုံးတွင် ထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ဇူလိုင်လ ၂၂ ရက်နေ့က ထုတ်ပြန်သည်။ 

ထို့အတူ ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းကလည်း  ပဲခူးတိုင်း၊ မုန်းမြို့နယ်၊ အုတ်ဖြတ်တံတားရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပဲခူးတိုင်း၊ မုန်းမြို့နယ်၊ သမန်းကျင်းကျေးရွာအနီးရှိ လယ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့၍ စပါးပေါင်းသင်နေသူနှစ်ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU က ဆိုသည်။ 

ထိမှန်ဒဏ်ရာရသူ နှစ်ဦးမှာ ကြက်တက်ညောင်ပင်ကျေးရွာ အနောက်ဘက်ကမ်းမှ အသက် ၃၅ နှစ်အရွယ်ရှိ ကိုစိုးသူနှင့် အသက် ၁၃ နှစ်အရွယ်ရှိ ဖြိုးထက်ဦးတို့ဖြစ်ပြီး လက်မောင်းတွင် ကျည်စထိမှန်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ 

ထို့အပြင် ဇူလိုင်လ ၂၀ ရက်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့နယ် ခုနစ်ခွေတောင်ရှိ အမြှောက်တပ် (၃၁၃) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကျောက်အိုင်ကျေးရွာအုပ်စု၊ ရွှေဝါချောင်ကျေးရွာမှ အသက်ရှစ်နှစ်အရွယ် မောင်ထွန်းထွန်းနှင့် အသက်ခြောက်နှစ်အရွယ် မောင်ဇာနည်လင်းတို့ ဦးခေါင်းတွင် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့သေးကြောင်း သိရသည်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU) တွင် တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၂) တောင်ငူခရိုင်၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၄) မြိတ်၊ ထားဝယ်ခရိုင်၊ တပ်မဟာ (၅) ဖာပွန်ခရိုင်၊ တပ်မဟာ (၆) ဒူးပလာယာခရိုင်၊ တပ်မဟာ (၇) ဘားအံခရိုင်ဟူ၍ အုပ်ချုပ်နယ်မြေ တပ်မဟာ ခုနစ်ခုရှိပြီး တပ်မဟာ (၇) ဘားအံခရိုင်မှလွဲ၍ ကျန်တပ်မဟာခြောက်ခုတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရေးပဋိပက္ခများကြောင့် KNU အုပ်ချုပ်နယ်မြေ တပ်မဟာ ခုနစ်ခုပေါင်း စစ်ဘေးရှောင်အရေအတွက်မှာ ၆၀၀,၀၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly