လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့  တိုက်ခိုက်ခံရ၍ ဆုတ်ခွာထွက်ပြေး

By သွင်ထူးဈာန် (မဇ္ဈိမ)
25 July 2023
လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့  တိုက်ခိုက်ခံရ၍ ဆုတ်ခွာထွက်ပြေး
ပုံစာ။      ။ ဇူလိုင်လ ၂၁ရက်နေ့ လက်ခတ်တောင် စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းယူခဲ့စဥ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ လက်ခတ်တောင်စခန်းကုန်းကို ယနေ့ ဇူလိုင်လ၂၅ရက် နံနက်၇နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးလာသဖြင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။ 

စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံတပ်ရင်းများက အင်အား၂၀၀ ကျော်ဖြင့်  စစ်ကြောင်းထိုးလာခြင်းကြောင့် ကော်ဘရာစစ်ကြောင်း(၁) ၊ ကျားသစ်နက်စစ်ကြောင်းတို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု  ဆိုသည်။ 

“မေတ္တာလင်းမြိုင်ရွာထဲကနေဝင်ပြီးတော့ လက်ခတ်တောင်ကို ပြန်တက်ဖို့ မနေ့ညကတည်းက ထိုးလာတာ ၊  ဒီမနက် ၇နာရီ ၈နာရီလောက်မှာ စပစ်တယ် ၊ ပစ်တော့ ဒီကောင်တွေ ရွာထဲကို ပြန်ပြေးသွားတယ်၊ အလောင်းတွေ ထမ်းသွားတာတော့ တွေ့တာပဲ၊ ဘာမှတော့မသိရသေးဘူး၊ လိုက်ပြီးတော့ စိစစ်နေတုန်း”ဟု ကော်ဘရာစစ်ကြောင်း (၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က ပြောသည်။

လက်ခတ်တောင်စခန်းကုန်းသည် မြဝတီမြို့ကိုထိန်းချုပ်ရန်အတွက် စစ်ရေးအရ သတ်မှတ်ထားသည့် ခံစစ်စည်းဖြစ်သည်ဟုလည်း ကာကွယ်တပ်ဖွဲ့ထံမှ သိရသည်။

လက်ခတ်တောင် တောင်ကြောရှိ စခန်းကုန်းများကို ကော်ဘရာစစ်ကြောင်းနှင့် ကျားသစ်နက်စစ်ကြောင်းတို့က ဇူလိုင်လ ၅ ရက်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး  ဇူလိုင်လ၂၁ရက်နေ့တွင် တောင်ကြောတစ်ခုလုံးကို စိုးမိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းစခန်းကုန်းတိုက်ပွဲတွင် လက်နက်ခဲယမ်းအများအပြား သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ  ခြောက်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

လက်ခတ်တောင်စခန်းကုန်းကို စွန့်ခွာခဲ့သည့် တပ်ရင်းမှူးအပါအဝင် အရာရှိများကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required