စစ်အုပ်စုရဲ့ အကျဉ်းထောင်များအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုများ ပိုများလာနေ

By Spring
25 July 2023
စစ်အုပ်စုရဲ့ အကျဉ်းထောင်များအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုများ ပိုများလာနေ

အာဏာသိမ်းစစ်အုပ်စုဟာ  အကျဉ်းထောင်များအတွင်း ၎င်းတို့အဓမ္မ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားများအား ဥပဒေမဲ့ သတ်ဖြတ်မှုများကိုပါ ကျူးလွန်လာနေတယ်လို့ ယခုတစ်ပတ် BNI-Myanmar Peace Monitorရဲ့  အပတ်စဉ် သတင်းသုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

ဒီသုံးသပ်ချက်စာတမ်းမှာ အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများ ဥပဒေမဲ့ သတ်ဖြတ်ခံရမှုများနဲ့ စစ်အုပ်စုရဲ့  အသုံးချခံ အကျဉ်းထောင်များအကြောင်း အချက်အလက်များ၊ ဖြစ်စဉ်ဖြစ်ရပ်များကို ချဉ်းကပ် လေ့လာ တင်ပြထားတာဖြစ်ပါတယ်။

“ပြစ်မှု” ကျူးလွန်ကြောင်း တစုံတရာမပြနိုင်ဘဲ မြန်မာပြည်သူများကို လူထုလူတန်းစားမရွေး၊ ကျားမ မရွေး၊ ကလေးလူကြီး မရွေး ဖမ်းဆီးချုပ်နှောင်ကာ နီးစပ်ရာ ရဲစခန်း၊ အချုပ်ခန်းများထံ ခေါ်ဆောင်သွားခြင်း၊ ထိုမှတဆင့် အမှုပြင်ဆင်ခြင်း၊ အမှုဖွင့်ခြင်းနှင့် တရားစွဲခြင်းတို့ကို အကန့်အသတ်မဲ့ ပြုလုပ်နေကာ နိုင်ငံရေးအကျဉ်းသားများ ဥပဒေမဲ့ သတ်ဖြတ်ခံရမှုများကို ပြုလုပ်နေကြောင်းဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှ အကျဉ်းထောင်၊ အချုပ်ထောင်တွေဟာ ပြစ်မှုကျူးလွန်သူများ၊ ဥပဒေ ချိုးဖောက်သူများအတွက် ချုပ်နှောင်ထိန်းသိမ်းရာ နေရာအဖြစ် ထင်မှတ်ရပေမယ့် အာဏာသိမ်း စစ်အုပ်စုအတွက်မူ လိုအပ်သလို အသုံးချနိုင်တဲ့ လှောင်အိမ်တစ်ခုကဲ့သို့ မှတ်ယူထားဟန် ရှိတယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ၎င်းတို့ရဲ့ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု အောင်မြင်ရေးအတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ညဉ့်ဦးအချိန်ကတည်းကပင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့ခေါင်းဆောင်များ၊ ဝါရင့်နိုင်ရေးသမားများ၊ ကျောင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို အကြောင်းပြချက် တစုံတရာမရှိဘဲ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက် အထိ အာဏာသိမ်း စစ်အုပ်စု၏ ဖမ်းဆီးခံရသူပေါင်း ၂၄၀၀၀ နီးပါး ရှိပြီး ထိုအထဲမှ ၂၀၀၀၀ နီးပါးဟာ  စစ်အုပ်စုရဲ့ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စစ်ကြောရေးစခန်းတွေမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြုတ် ချေမှုန်းရေးအတွက် ဦးတည်လျှောက်လှမ်းနေတဲ့ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်တာကြောင့် သေဒဏ်ချမှတ် ခံထားရသူပေါင်း ၁၅၈ ဦး အထိ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာရှင်အဖွဲ့အစည်းက ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် လူ ၃၈၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် မြန်မာ ပြည်သူတွေနဲ့ထပ်တူ ပူဆွေးသောကရောက်ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကလည်း ထုတ်ပြန်ထားပါတယ်။

အကျဉ်းသားတွေကို တရားလက်လွတ် သတ်ဖြတ်နေတာတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာတွေအရ စစ်အာဏာရှင်အနေနဲ့ တရားဥပဒေ စိုးမိုးရေးကို ဆက်လက် လစ်လျူရှုနေပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ကြောင်း ပြသနေတယ်လို့လည်း UK သံရုံး ဖေ့စ်ဘွတ်စာမျက်မှာ တင်ထားတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်အနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိလာအောင်၊ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး မြန်မာပြည်သူပြည်သားတွေရဲ့ ဒီမိုကရေစီ လိုလားတောင့်တမှု ဆန္ဒတွေကို လေးစားလိုက်နာလာအောင် ယူကေ အစိုးရက ဆက်လက် ဖိအာပေးသွားဖို့ အခိုင်အမာ စိတ်ပိုင်းဖြတ်ထားကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် တို့လို အကျဉ်းထောင်တွင်း မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသူတွေ၊ အကျဉ်းထောင်တွင်းက ခေါ်ထုတ်ခံရပြီး သေဆုံး ပျောက်ဆုံးသူတွေ သိသိသာသာ ပိုများလာနေတဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) က သတိပေးထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ တရားရေးမဏ္ဍိုင်များအနေဖြင့် မြန်မာပြည်သူများအပေါ် အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ တရားလက်လွတ် အနိုင်ကျင့် သတ်ဖြတ်နေမှုများအား အရေးပေါ်စုံစမ်း စစ်ဆေးမှုများ အမြန်ဆုံးပြုလုပ်ကာ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုများကို ချက်ချင်းဆောင်ရွက်ကြဖို့ AAPP က တိုက်တွန်းထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly