မြောက်ပိုင်းအဖွဲ့များနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေ

By Spring
25 July 2023
မြောက်ပိုင်းအဖွဲ့များနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေ

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်၊ လားရှိုး နဲ့ ‌ကွတ်ခိုင်မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေသလို ကချင်ပြည်နယ်အတွင်းမှာလည်း စစ်ရေးတင်းမာမှုတွေဆက်ဖြစ်နေပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ စစ်ကောင်စီတပ်တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စယ်လန့်ကျေးရွာအနီး ဇူလိုင် ၂၃ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ဝင်တိုက်ပေးတဲ့  ပြည်သူ့စစ် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ရှမ်ပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ ကျောက်မဲ၊ မူဆယ်မြို့နယ်တွေမှာ အခုလအတွင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တို့ တိုက်ပွဲငါးကြိမ်အထိ ဖြစ်ခဲ့ပါတယ်။

အလားတူ ဇူလိုင် ၁၈ ရက်နေ့ကလည်း လားရှိုးမြို့နယ် မန်ကန်ရွာအနီးမှာ စစ်ကောင်စီ တပ်နဲ့ MNDAA ကိုးကန့် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီနေ့အထိ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းမြောက် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် စစ်ဆေးရေးလုပ်နေတဲ့ TNLA တပ်များကို စစ်ကောင်စီက နမ့်ခမ်းမြို့ဘက်မှ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ နမ့်ခမ်းမြို့မပြည်သူ့စစ်ကလည်း ပါဝင်တိုက်ခိုက်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

တိုက်ပွဲအကြောင်းပြပြီး မိုင်းဆတ်ရွာအတွင်းရှိ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ရွာအနီးဝန်းကျင်ကို ပစ်ခတ်ခဲ့တဲ့အတွက် ရွာလမ်းနဲ့ နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ပြီး ရွာသားများလည်း နီးစပ်ရာ ကျေးရွာများဆီ တိမ်းရှောင်ခဲ့ကြရတယ်လို့သိရပါတယ်။

ဇူလိုင် ၂၄ ညနေပိုင်းမှာတော့ တိုက်ပွဲများ ငြိမ်သက်နေပြီး ကုန်တင်ယာဉ်များနဲ့ အိမ်စီးကားများလည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

မူဆယ်-နမ့်ခမ်း လမ်းမကြီးဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များဖြစ်တဲ့ တအာင်းတပ်မတော် (TNLA)၊ ရှမ်းတပ်မတော် (SSPP/SSA)၊ ကချင်တပ်မတော် (KIA) တပ်ဖွဲ့တို့အပြင် စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ဒေသတွင်း ပြည်သူ့စစ်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

အခုရက်ပိုင်းထဲ နေ့စဉ်လိုလို ရှမ်းပြည်မြောက်ပိုင်းက ကွတ်ခိုင်နဲ့ သိန္နီကြား အပါအဝင် လားရှိုး၊ လားရှိုး-မူဆယ် လမ်းမတစ်ကြောမှာ စစ်ကောင်စီနဲ့ KIA ၊ TNLA နဲ့ MNDAA တို့အကြား တစ်ဖွဲ့ချင်းစီအလိုက်နဲ့ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာဖြစ်ပါတယ်။

ကချင်တိုင်ရင်းသားလက်နက်ကိုင် KIO အဖွဲ့ဌာနချုပ်ရှိရာ ဝိုင်းမော်မြို့နယ်ထဲက လိုင်ဇာဌာနချုပ်နဲ့ မဝေးတဲ့ နမ့်ဆန်ယန်ရွာကို စစ်တပ်က လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ 

ဖားကန့်မြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA လက်နက်ကိုင်အဖွဲ့က သိမ်းယူခဲ့တဲ့နောက်မှာ စစ်တပ်က အခုလို ပြန်လည်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO ရဲ့ ဌာနချုပ်နားက နမ့်ဆန်ယန်ရွာအနီးမှာ စစ်ကောင်စီဘက်က ဒီလဆန်းက စတင်ပြီး၊ စစ်အင်အား ဖြည့်တင်းလာပြီးနောက် နှစ်ဘက်တပ်တွေအကြား ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားတာတွေ၊ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတာပါ။

ကချင်ပြည်နယ်ထဲ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ ထိန်းသိမ်းစစ်ဆေးခံရတဲ့ စစ်ကောင်စီ မြောက်ပိုင်း တိုင်းမှူးကို အနားပေးပြီး၊  ကချင်အတွေ့အကြုံရှိသူ ဗိုလ်ချုပ်စိုးလှိုင်ကို မြောက်ပိုင်းတိုင်းမှုးသစ်အဖြစ် အစားထိုးခန့်ထားတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly