မြန်မာကုလသံအမတ်ကြီးလုပ်ကြံရန်ကြိုးပမ်းသူ အပြစ်ရှိကြောင်း နယူးယောက် တရားရုံး အမိန့်ချ

By Spring
25 July 2023
မြန်မာကုလသံအမတ်ကြီးလုပ်ကြံရန်ကြိုးပမ်းသူ အပြစ်ရှိကြောင်း နယူးယောက် တရားရုံး အမိန့်ချ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ပါဝင်ပတ် သက်တယ်လို့ စွပ်စွဲခံရသူ မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ်ကို အပြစ်ကျူးလွန်ကြောင်း တွေ့ရှိတယ်လို့ နယူးယောက်မြို့ ဖယ်ဒရယ်တရားရုံးက အမိန့်ချလိုက်ပါတယ်။

နယူးယောက်မြို့ ဖယ်ဒရယ်တရားသူ ကြီး Nelson S.Roman ရှေ့မှောက်မှာ ရှစ်ရက်ကြာ ကြားနာစစ်ဆေးမှုတွေလုပ်ခဲ့ပြီးနောက် သူ့မှာအပြစ်ရှိ ကြောင်းတွေ့ရှိခဲ့တာလို့ နယူးယောက်တောင်ပိုင်းခရိုင် ရှေ့နေချုပ်ရုံးက ဇူလိုင် ၂၄ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာတာဖြစ်ပါတယ်။

နယူးယောက်မြို့မှာနေထိုင်တဲ့ ကိုဖြိုးဟိန်းထွဋ်ဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဒဏ်ရာအနာတရဖြစ်အောင်၊ အသက်အန္တရာယ်ဖြစ်အောင် လုပ်ကြံဖို့ ကြံစည်ရာမှာ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့တဲ့အတွက် ပြစ်မှုကျူးလွန်ခဲ့တာ ထင်ရှားကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ တောင်ပိုင်းခရိုင်တရားရုံးက အမိန့်ချလိုက်တာဖြစ်ပါတယ်။

ကိုဖြိုးဟိန်းထွဋ်ဟာ နယူးယောက်မြို့မှာရှိတဲ့ သံအမတ်ကြီးရဲ့ ရုံးအဖွဲ့လုံခြုံရေး စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး သံအမတ်ကြီးနဲ့ ရုံးဝန်ထမ်းတွေရဲ့ ရုံးတွင်း သတင်းအချက်အလက်တွေကို ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစားတစ်ဦးဆီ ပေးပို့ခဲ့တဲ့အပြင်၊ သံအမတ်ကြီးကို ရာထူးကနေ နုတ်ထွက်သွားတဲ့အထိ ထိခိုက်အနာတရဖြစ်အောင်လုပ်ဖို့ လုပ်ကြံသူတွေကို ငှားရမ်းဆောင်ရွက်ဖို့အတွက် ဒီလက်နက်ပွဲစားဆီက ငွေကြေးတွေ လက်ခံရယူခဲ့တာ ထင်ရှားတယ်လို့ ဇူလိုင်လ ၂၄ ရက် ဒီကနေ့ညနေပိုင်း တရားရုံးကြေညာချက်မှာ ဖော်ပြထားပါတယ်။

၊ဒီလုပ်ရပ်တွေအတွက် သူ့ကို အရေးယူအပြစ်ပေးသင့်ကြောင်း အမှုကြားနာတဲ့ ဂျူရီအဖွဲ့က တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တယ်လို့ နယူးယောက်တောင်ပိုင်းခရိုင် တရားရုံးက အစိုးရရှေ့နေ Damian Williams က ပြောပါတယ်။

နိုင်ငံရပ်ခြားအရာရှိတဦးကို တိုက်ခိုက်ဖို့ ကြံစည်တယ်ဆိုတဲ့ စွဲချက်အရဆိုရင် သူ့ကို ထောင်ဒဏ် ငါးနှစ်အထိ အများဆုံး ပြစ်ဒဏ်ပေးနိုင်တယ်လို့ တရားရေးဌာန ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီ ပြစ်မှုအတွက်အပြစ်ဒဏ်ကိုတော့ လာမယ့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှာ တရားသူကြီး Roman ကပဲ အမိန့်ချမှာဖြစ်တယ်လို့ တရားရေးရုံးထုတ်ပြန်ချက်က ဖော်ပြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ နယူးယောက်မြို့မှာနေတဲ့ အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ်နဲ့ အသက် ၂၀ အရွယ် ရဲဟိန်းဇော်တို့ နှစ်ဦးကို ၂ဝ၂၁ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) က ဖမ်းဆီးခဲ့တာပါ။

ဒီအမှုမှာပါတဲ့ နောက်ထပ်တရားခံတစ်ယောက်ဖြစ်တဲ့ ရဲဟိန်းဇော်ကတော့ အပြစ်ရှိကြောင်း ဝန်ခံခဲ့လို့  ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလအတွင်းက တရားရုံးက အမှုစစ်ဆေးပြီးတာနဲ့ ချက်ချင်း ပြည်နှင်ဒဏ်ပေးပြီးပြီလိုလည်း သိရပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦီးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာသိမ်းခံရတဲ့ အရပ်သားအစိုးရကိုပဲ သူ ကိုယ်စားပြု‌ကြောင်း ကုလသမဂ္ဂမှာ ရပ်တည်ခဲ့သူဖြစ်ပြီး မြန်မာစစ်ကောင်စီဖက်က ကိုယ်စားပြုမှုတင်သွင်းသူကို ကုလသမဂ္ဂ အထွေထွေညီလာခံ က လက်မခံတဲ့အတွက် ဦးကျော်မိုးထွန်းဟာ မြန်မာကိုယ်စားပြု သံအမတ်ကြီးအဖြစ် ကုလသမဂ္ဂမှာ ဆက်ရှိနေတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly