စစ်တပ်အုပ်ချုပ်မှုအောက် အချိန်အခါ အခွင့်ကောင်းကို စောင့်နေသည့် မြန်မာလုပ်ငန်းစုကြီး Yoma

စစ်တပ်အုပ်ချုပ်မှုအောက် အချိန်အခါ အခွင့်ကောင်းကို စောင့်နေသည့် မြန်မာလုပ်ငန်းစုကြီး Yoma

မြန်မာ လုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Yoma Group သည် ပြီးခဲ့သည့် နှစ်နှစ်အကြာက စစ်တပ်အာဏာသိမ်းပြီးနောက် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေး အသွင်တစ်ခုအောက်တွင် ရှိနေခဲ့ပြီး အသုံးစရိတ်ကို ကျစ်ကျစ်လျစ်လျစ် ဖြစ်စေရင်း အခြေအနေများ ပြောင်းလဲပြီး ပိုကောင်းလာမည့် အချိန်အခါကို စောင့်ဆိုင်းလျက် ရှိသည်။

“ပုံသေ အတွေးအခေါ်ပိုင်းမှာ အပြောင်းအလဲ ဖြစ်ခဲ့တယ်” ဟု Yoma Strategic Holdings ၏ ဘဏ္ဍာရေးအရာရှိချုပ် ဂျေအာရ် ချင်းက Nikkei ကို ပြောသည်။ “၂၀၂၀ မတိုင်ခင်တုန်းကတော့ သိသာထင်ရှားတဲ့ တိုးတက်မှု ဆိုတဲ့ အတွေးအခေါ် အလေ့အထတစ်ခု ရှိခဲ့တာပေါ့” ဟု ၎င်းက ပြောသည်။

ကုမ္ပဏီသည် ယခင်က အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ပြီး ရင်းနှီးငွေများကို မတည်ခဲ့သည်။ “ပြီးခဲ့တဲ့ နှစ်နှစ်တုန်းကတော့ ဒီကုမ္ပဏီအုပ်စုကို စဉ်ဆက်မပြတ် ထိန်းထားနိုင်စေရင်း၊ တည်တံ့ခိုင်မြဲစွာ လည်ပတ်နိုင်စွမ်း ရှိစေရင်းနဲ့ မိမိတို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ခိုင်မာ၊ တောင့်တင်းစေဖို့ ဆိုတဲ့ အတွေးအမြင်တစ်ခုက အခိုင်အမာ ရှိခဲ့ပါတယ်။ ခက်ခဲတဲ့ အချိန်ကာလတွေကို ဘယ်နည်းနဲ့ဖြစ်ဖြစ် ဖြတ်ကျော်ရှင်သန်ရပ်တည်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

စင်္ကာပူ အိတ်စ်ချိန်းတွင် စာရင်းဝင်ထားသည့် Yoma Strategic သည် Yoma Group ၏ အမိုးအောက်တွင် ရှိသည့် အဓိက ကုမ္ပဏီနှစ်ခုအနက် တစ်ခုဖြစ်ပြီး အခြားကုမ္ပဏီတစ်ခုက First Myanmar Investment ဖြစ်သည်။ Yoma Strategic သည် အဓိကအားဖြင့် အိမ်ခြံမြေ ဖော်ဆောင်မှုနှင့် စားသောက်ဆိုင် လုပ်ငန်းများကို လုပ်ကိုင်သည်။

များမကြာမီက မတ်လ ၃၁ ရက်တွင် ကုန်ဆုံးသည့် ၁၂ လ ကာလတွင် အစုရှယ်ယာရှင်သူများအတွက် အသားတင်အရှုံး ဒေါ်လာ ၄၁ ဒသမ ၄ သန်း ရှိခဲ့သည်ဟု Yoma Strategic က ထုတ်ဖော်သည်။ အဆိုပါ ဘဏ္ဍာရေးလိုငွေသည် ယခင် ၁၂ လကာလကထက် အကြမ်းဖျင်းအားဖြင့် သုံးဆတိုးခဲ့ခြင်း ဖြစ်သည်။

ကုမ္ပဏီက ယင်း၏ ဘဏ္ဍာရေးပြက္ဒဒိန်ကို အပြောင်းအလဲ ပြုလုပ်ခြင်းကြောင့် Yoma Strategic သည် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးသည့် ၁၈ လတာ ဘဏ္ဍာရေးနှစ်တစ်ခုကို ထုတ်ဖော်သည်။ ရည်ညွှန်းကိုးကားမှုအတွက် ၁၂ လ ရလဒ်များကို ထုတ်ဖော်သည်။

ဘဏ္ဍာရေးလိုငွေပြမှုကို ဖြစ်စေသည့် အဓိက ရင်းမြစ်က Yoma Central ဘက်စုံသုံး စီမံကိန်းဖြစ်သည်။ ထို စီမံကိန်း တည်ဆောက်မှုက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ဆိုင်းထားခဲ့ရသည်။ ထို စီမံကိန်းသည် စီးပွားရေးမြို့တော် ရန်ကုန်ရှိ ရန်ကုန်ဘူတာကြီးအနီး အဆင့်မြင့် ဇိမ်ခံဟိုတယ်တစ်လုံး၊ စီးပွားဖြစ်နှင့် လူနေထိုင်မှုဆိုင်ရာ အထပ်မြင့် အဆောက်အအုံ လေးလုံး ဖော်ဆောင်ရန် ဖြစ်သည်။

ယင်းအစား Yoma Strategic သည် ဒေါ်လာ ၂၆ သန်း တန်ဖိုး ဆုံးရှုံးမှုတစ်ခု အပါအဝင် ကြီးကြီးမားမား အရှုံးပြခဲ့သည်။ ယင်းနောက်တွင် ကုမ္ပဏီသည် နိုင်ငံတကာခရီးသွားများနှင့် နိုင်ငံစုံ အခြေစိုက်လုပ်ငန်းများအတွက် ဖိတ်ခေါ်ဆွဲဆောင်မည့် နေရာတစ်ခုအဖြစ် ရည်ရွယ်ခဲ့သည့် Yoma Central အတွက် ဖော်ဆောင်မှုအစီအစဉ်ကို ပြင်ဆင်ခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၂၃ ဒုတိယနှစ်ဝက်တွင် အဆင့်ချင်းအလိုက် ပြန်စမည် ဖြစ်သည်ဟု ကုမ္ပဏီ၏ ထုတ်ဖော်မှုအရ သိရသည်။ ယင်းသည် အဆောက်အအုံ အားလုံးကို တစ်ချိန်တည်းတစ်ပြိုင်တည်း ဖော်ဆောင်မည့် မူလကနဦး အစီအစဉ်မှ သွေဖည်ပြောင်းလဲသွားခြင်းလည်း ဖြစ်သည်။

Mitsubishi Corp. ၊ Mitsubishi Estate နှင့် သယ်ယူပို့ဆောင်မှုနှင့် မြို့ပြ ဖွံ့ဖြိုးမှုဆိုင်ရာ ဂျပန် နိုင်ငံရပ်ခြား အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (JOIN) တို့ကဲ့သို့ ဂျပန် လုပ်ငန်းများက ထို စီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံခဲ့သည်။ အဆင့်မြင့် Peninsula ဟိုတယ်များ၏ အော်ပရေတာ Hongkong and Shanghai Hotels ကလည်း စီမံကိန်းတွင် ပါဝင်လျက် ရှိသည်။

Yoma အနေဖြင့် မသေချာသော အနာဂတ်တစ်ခုကို ရင်ဆိုင်နေရဆဲဖြစ်သည့်အတွက် လုပ်ငန်းစုသည် ကြွေးမြီတို့ကို ချုံ့ထားခဲ့ပြီး လုပ်ငန်းလည်ပတ်မှုများကို ကျစ်ကျစ်လျစ်လျစ် လုပ်ဆောင်ထားခဲ့သည်။

“ငွေစာရင်း ရှင်းတမ်းအတွက် လုပ်ငန်းရဲ့ ငွေချေးယူမှုတွေကို လျှော့ချဖို့နဲ့ စီးပွားရေးလုပ်ငန်းကို တည်တံ့ခိုင်မြဲစေရာမှာ ထောက်ကူနိုင်ဖို့အတွက် ကုမ္ပဏီလုပ်ငန်းစုထဲ စီးဝင်နေတဲ့ ငွေသားစီးဝင်လည်ပတ်မှုကို စီမံခန့်ခွဲတာရော၊ ရင်းနှီးမြှုပ်နှံတာရောကိုပါ လုပ်ခဲ့တယ်။ အစောပိုင်းလုပ်ငန်းဖွံ့ဖြိုးမှုနှစ်ကာလ တွေအတွင်း ကုမ္ပဏီအုပ်စုမှာ စုပုံခဲ့တဲ့ ကြွေးမြီတွေအနက် တချို့ကို မိမိတို့ ပေးဆပ်ပြီး ကြွေးမြီလျှော့ချခဲ့တယ်။ အဲဒီအတွက်ကြောင့် မိမိတို့ရဲ့ ငွေလက်ကျန် ရှင်းတမ်းကို အတော်လေး ပိုပြီး ပြောင်းလွယ် ပြင်လွယ်ရှိတဲ့ အနေအထားတစ်ခုနဲ့ ရှေ့ကို ဆက်သွားနိုင်စေခဲ့တယ်” ဟု ချင်က ပြောသည်။

Yoma Strategic သည် မတ်လအထိ တစ်နှစ်တာကာလအတွင်း ဒေါ်လာ ၁၂၅ သန်း တန်ဖိုးရှိ ကြွေးမြီတို့ကို လျှော့ချဖြတ်တောက်ခဲ့သည်။ ကြွေးမြီလျှော့ချရန် ကုမ္ပဏီသည် အဆင့်မြင့် ဝန်ဆောင်မှု တိုက်ခန်း ၁၅၀ ကို ထုတ်ရောင်းခဲ့သည်။ မတ်လတွင် Yoma သည် ယင်း၏ ကြွေးမြီ အင်္ဂါရပ်ကို ပြန်လည် ညှိနှိုင်းဖွဲ့စည်းခြင်းအားဖြင့် Yoma Central နှင့် ဆက်နွယ်သည့် ဒေါ်လာ ၅၄ သန်း တန်ဖိုးရှိ ချေးငွေများကို ပြန်ပေးဆပ်ခဲ့သည်။

“ရှေ့လာမယ့် ၁၂ လအတွင်းမှာ ထပ်တိုး ဒေါ်လာ ၁၅ သန်းကနေ သန်း ၂၀ နဲ့အတူ ဒီနှစ်မှာ ငွေစာရင်း ရှင်းတမ်းနဲ့ပတ်သက်လို့ လုပ်ငန်း ငွေချေးယူမှုကို ဆက်လက် လျှော့ချသွားပါမယ်” ဟု ချင်က ပြောသည်။

ဘဏ္ဍာငွေကြေးနှင့်ပတ်သက်ပြီး ပြောင်းလဲထားသည့် လုပ်နည်းကိုင်နည်းကို ငွေသားစီးဆင်းလည်ပတ်မှုတွင် ဖတ်ရှုနိုင်သည်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း နှစ်ကာလဝက်စီတိုင်းအတွက် Yoma Strategic ၏ ရင်းနှီးမြှုပ်နှံမှု ငွေသား စီးဆင်းလည်ပတ်မှုသည် အနုတ်မှ အပေါင်းသို့ ပြောင်းလဲရောက်ရှိခဲ့သည်။

Yoma သည် ရင်းနှီးမြှုပ်နှံမှုအတွက် ရန်ပုံငွေများ စုဆောင်းမတည်ကောက်ခံခြင်းကနေ ကြွေးမြီလျှော့ချရန် ရင်းနှီးမြှုပ်နှံမှုတို့ ပြန်ထေမိစေရေးဆီသို့ ပြောင်းလဲထားခဲ့သည်ကို ယင်းက ညွှန်ပြသည်။

Yoma သည် စရိတ်စကများကိုလည်း လျှော့ချဖြတ်တောက်နေသည်။ စစ်အာဏာသိမ်းပြီးနောက် ခြောက်လအကြာတွင် Yoma သည် ဝန်ထမ်း စရိတ်စကများ အပါအဝင် လုပ်ငန်းလည်ပတ်မှု စရိတ်စကများကို ၆၀ ရာခိုင်နှုန်းကျော် လျှော့ချထားခဲ့သည်။

“အလုပ်သမားဦးရေ အင်မတန် များပြားလွန်းတဲ့ စီးပွားရေးလုပ်ငန်းဧရိယာတချို့ ရှိပါတယ်။ ဆိုတော့ အဲဒီနေရာတွေမှာ ပြုန်းတီးမှုတွေကို လျှော့ချပြီး ထိရောက်မှု ဆန်းစစ်တာတွေ လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ မိမိတို့ လုပ်ငန်းစုအနေနဲ့ စုပေါင်းစွန့်လွှတ်အနစ်နာခံမှုကနေတစ်ဆင့် အလုပ်အကိုင် အများအပြားနဲ့ ဘဝအများအပြားကို တတ်နိုင်သလောက် ကာကွယ်ဖို့ ကြိုးစားခဲ့တယ်”

Yoma ၏ စားသောက်ဆိုင်လုပ်ငန်းခွဲသည် မွန်ဂိုလီးယား ဟော့ပေါ့များ တည်ခင်းရောင်းချသည့် တရုတ်၏ Little Sheep အမှတ်တံဆိပ်တပ် franchise လုပ်ငန်းများနှင့် အမေရိကန် တည်ထောင်သော မုန့်ဖြန့်ချိမှုလုပ်ငန်း Auntie Anne’s တို့မှ ရုပ်သိမ်းထွက်ခွာခဲ့သည်။ ယင်းအစား Yoma သည် ကြက်ကြော် အမှတ်တံဆိပ် KFC နှင့် မြန်မာစားသောက်ဆိုင်လုပ်ငန်း YKKO တို့တွင် အာရုံစိုက်လျက် ရှိသည်။

ယင်း၏ အဓိကကုမ္ပဏီကို စာရင်းသွင်းသည့် တစ်ခုတည်းသော မြန်မာလုပ်ငန်းစုဖြစ်သည့် Yoma Group သည် နိုင်ငံခြားကုမ္ပဏီများထံမှ အစုစပ် စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုများကို ဆွဲဆောင်ရန် ပွင့်လင်းမြင်သာမှု ရှိမှုဆိုင်ရာ ယင်း၏ နာမည်ဂုဏ်သတင်းကို အသုံးပြုထားခဲ့သည်။ Yoma သည် ဒေတာအချက်အလက်များကို အသေးစိတ် ထုတ်ဖော်မှုအတွက် ပြည်ပတွင် ချီးကျူးခံထားရသည်။

သို့သော် အစိုးရ အပြောင်းအလဲ ဖြစ်ပြီးနောက် နိုင်ငံစုံအခြေစိုက် ကုမ္ပဏီများသည် Yoma နှင့် ဖက်စပ်လုပ်ငန်းလုပ်ကိုင်မှုများကို ဖျက်သိမ်းခဲ့သည်။ ၂၀၂၁ ၊ အောက်တိုဘာတွင် ဂျာမန် လက်ကားလုပ်ငန်း Metro သည် ဟိုတယ်များနှင့် စားသောက်ဆိုင်များကို တည်ခင်းဝန်ဆောင်မှုပေးသော လက်ဆတ်သော အစားအစာ ဖြန့်ချိမှု ဖက်စပ်လုပ်ငန်းကို ရပ်ဆိုင်းခဲ့သည်။

“လက်ရှိ အခြေအနေတွေအရ လုပ်ငန်းကို မိမိတို့ ကိုယ်တိုင် သတ်မှတ်ထားတဲ့ မြင့်မားတဲ့ စံသတ်ချက်မှတ်တွေနဲ့ လည်ပတ်ဖို့ မဖြစ်နိုင်တော့ပါဘူး” ဟု Metro က ထိုအချိန်က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

Sumitomo Corp နှင့် Mitsubishi တို့သည် Yoma နှင့် မော်တော်ကား တင်သွင်းဖြန့်ချိမှု ဖက်စပ်လုပ်ငန်းများကို ထူထောင်ခဲ့သည်။ သို့သော် စစ်အာဏာသိမ်းအုပ်စုက မော်တော်ကား တင်သွင်းမှုများအပေါ် ကန့်သတ်မှုများ ချမှတ်ခြင်းကြောင့် စီးပွားရေးလုပ်ငန်း အလားအလာများအပေါ် တိမ်ဖုံးစေခဲ့ပြီးနောက် အဆိုပါ ဂျပန်လုပ်ငန်းနှစ်ခုစလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာ ဖက်စပ်လုပ်ငန်းများ၏ ရှယ်ယာများကို Yoma ထံ လွှဲပြောင်းရောင်းချခဲ့ကြသည်။

လူလတ်တန်းစားများ၏ တောင်းဆိုချက်၊ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းမည့် ကုမ္ပဏီအုပ်စု၏ ယေဘုယျ မဟာဗျူဟာ ဦးတည်ချက်က အပြောင်းအလဲ မရှိသော်လည်း “အိမ်ခြံမြေလုပ်ငန်းနဲ့ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုတို့အပေါ်မှာ ရေတိုနဲ့ ရေလတ် အာရုံစိုက်မှုတို့ ရှိပါလိမ့်မယ်။ အဲဒီလုပ်ငန်းတွေဟာ သေချာသလောက်က ချက်ချင်းလက်ငင်း ဖြစ်တဲ့ အကြီးဆုံး အခွင့်အလမ်းနှစ်ခုဖြစ်မယ်လို့ မိမိတို့ ရှုမြင်တယ်” ဟု ချင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly