ပြစ်ဒဏ်ကို အမြန်ဆုံး စီရင်ပေးဖို့ ဖမ်းဆီးခံ AA ဗိုလ်မှူးတောင်းဆို

ပြစ်ဒဏ်ကို အမြန်ဆုံး စီရင်ပေးဖို့ ဖမ်းဆီးခံ AA ဗိုလ်မှူးတောင်းဆို

ရက္ခိုင့်တပ်မတော် AA နှင့် ဆက်စပ်မှုဖြင့် ဖမ်းဆီးခံထားရသူများကို တရားရုံးတင်စစ်ဆေးမှုများ ပြုလုပ်နေရာတွင် မလိုအပ်ဘဲ အချိန်ရွေ့ဆိုင်းမှု၊ စစ်ကြောမေးမြန်းမှုများကို မပြုလုပ်ကြဘဲ ပြစ်ဒဏ်ကို အမြန်ဆုံး စီရင်ချမှတ်ပေးဖို့ ဖမ်းဆီးခံ AA ဗိုလ်မှူး စောရန်နိုင်က တောင်းဆိုလိုက်သည်။

“ကျွန်တော်တို့မှာ ခံစားနေရတာတွေကတော့ အများကြီးရှိပါတယ်။ အခုဖြစ်စေချင်တာက အမှုကို အမြန်ဆုံးဖြတ်ပြီးတော့ ထောင်မြန်မြန် ချစေချင်ပါတယ်။ တကယ်လုပ်ခဲ့တာပဲ ကျပါစေ။ အသက်တောင်ပေးပြီး လုပ်ခဲ့တဲ့ လူတွေပါ။ ဒီလောက်ကတော့ ရင်ဆိုင်ရမှာပေါ့။” ဟု ပြောသည်။

AA တပ်ဖွဲ့ဝင် ၁၃ ဦးကို စစ်တွေတရားရုံးတွင် သတ္တမအကြိမ်မြောက် ရုံးတင်စစ်ဆေးပြီးချိန်တွင်ဧပြီ ၄ ရက်က မဇ္ဈိမကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံထားရသူ ၁၃ ဦးကို ရက္ခိုင့်တပ်မတော်နှင့်ဆက်စပ်သူများ မှန်ကန်ကြောင်းနှင့် သက်သေများကို စစ်ဆေးလျှက်ရှိကြောင်း အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

“ဒီနေ့ရုံးထုတ်ပါတယ်။ လောလောဆယ်ကတော့ သက်သေတွေကို စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်။ ဒီနေ့ သက်သေ နှစ်ယောက်ကို စစ်ဆေးပါတယ်။ အမှုပြီးဖို့က ကြာဦးမယ်ထင်တယ်။ သက်သေ တော်တော်များများ ကျန်ပါသေးတယ်။” ဟု ၎င်းကပြောသည်။

AA နှင့် ဆက်စပ်သူ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ လူငယ်များကို ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းမှ စတင်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ယခုအခါ စစ်တွေ၊ ကျောက်တော်၊ ကျောက်ဖြူနှင့် တောင်ကုတ် တရားရုံးများတွင် ရုံးတင်စစ်ဆေးလျက်ရှိသည်။

“ကျွန်တော်သားက ထိုင်းမှာ အလုပ်သွားလုပ်တာ သုံးနှစ်ကျော်ရှိပြီ။ သူပြန်လာတော့ စစ်တွေမြို့ ပညာမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်းမှာ တည်းခိုခဲ့တယ်။ အဲဒီကနေ သူဟာ AA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ၁၇၊ ၁၊ ၂၀၁၆ နေ့က ဖမ်းတာပါ။ သူ့ကို ဖမ်းတဲ့အခါမှာ သက်သေခံပစ္စည်းတော့ မရဘူးလို့ ပြောတယ်။ တခြားတော့မရှိဘူး။ သင်တန်းတော့ တက်ခဲ့တယ်လို့ သိရပါတယ်။ သင်တန်းပြီးလို့ ပြန်လာတာလို့ ပြောတာပဲ။” ဟု ဖမ်းဆီးခံထားရသူ AA တပ်ဖွဲ့ဝင် ကိုမောင်ဟန်စိုး၏ ဖခင်ဖြစ်သူ ဦးကျော်ဇံဝေက ပြောသည်။

ယင်းအပြင် ယနေ့ ဧပြီလ ၄ ရက်နေ့၌ ကျောက်တော်တရားရုံးမှ AA နှင့် ဆက်စပ် ဖမ်းဆီးခံထားရသူ ခြောက်ဦးတို့အား စီရင်ချက် ချလိုက်ကြောင်း သိရသည်။

ပြစ်ဒဏ်ချမှတ်ခံရသူများမှာ ကိုရွှေလုံး၊ ကိုစံမောင်သာ၊ ကိုစံအေးမောင်တို့ကို ထောင်ဒဏ် ၃ နှစ်နှင့် ကိုညီညီလှိုင်၊ ကိုဇင်မျိုးအောင်၊ ကိုမောင်ကျော်သိန်းတို့အား ထောင်ဒဏ် ၅ နှစ်စီ အသီးသီး ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ် ၃၀ နှင့် မတ် ၃၁ ရက်နေ့များကလည်း ကျောက်တော်မြို့နယ်တရားရုံးက AA တပ်ဖွဲ့ဝင် ၂၃ ဦးကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်ထိ အသီးသီး ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags