လားရှိုးတွင် လျှပ်စစ်ဓာတ်အားလိုင်းကြိုး ဖြုတ်ယူရန်ကြိုးပမ်းသည့်အမျိုးသား ဓာတ်လိုက်သေဆုံး

By 007 (မဇ္စျိမ)
24 July 2023
လားရှိုးတွင် လျှပ်စစ်ဓာတ်အားလိုင်းကြိုး ဖြုတ်ယူရန်ကြိုးပမ်းသည့်အမျိုးသား ဓာတ်လိုက်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက လျှပ်စစ် ဓာတ်အားလိုင်းကြိုးဖြုတ်ယူရန်ကြိုးပမ်းသည့်အမျိုးသားတဦး ဓာတ်လိုက်သေဆုံးသွားကြောင်း ဒေသခံ များက မဇ္ဈိမကိုပြောသည်။

လားရှိုးမြို့နယ် လွိုင်လွမ့်ကျေးရွာအနီး ပြောင်းစိုက်ခင်းအတွင်း ယနေ့နံနက် ၉ နာရီခန့်က အဆိုပါသေဆုံး မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ 33 KV ဓာတ်အားလိုင်းကဓာတ်ကြိုးကို ဖြတ်ယူနေရင်း၊ ဓာတ်လိုက်သေတာပါ၊ ပြောင်းစိုက်ခင်းထဲ လူ အသွားအလာမရှိချိန်မှာ ဖြစ်သွားတာပါ၊ နယ်ထိန်းတွေနဲ့ လားရှိုးလူငယ်များအသင်းက လူနာတင်ကားနဲ့ လာသယ်ပြီး ဆေးရုံပို့ထားပြီးပါပြီ” ဟု ဒေသခံတဦးက ပြောသည်။

အလောင်းအား စစ်ဆေးချက်အရ ၀မ်းဗိုက်ပွင့်ထွက်ပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့က ပြောထားသည်။

သေဆုံးသူအမျိုးသားသည် အသက် ၃၀ ၀န်းကျင်အရွယ်ဖြစ်ပြီး လက်ရှိတွင် ပိုင်ရှင်မဲ့အလောင်းအဖြစ်ဖြင့် လားရှိုးဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ထားကာ PR-012 ဖြင့် လက်ခံထားကြောင်း သိရသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

ဓာတ်ပုံ- လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့

#လားရှိုး
#ဓာတ်လိုက်သေဆုံး
#Mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly