နှစ်သောင်းကျပ်တန် ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ စစ်ကောင်စီကြေညာပြီးနောက် ဒေါ်လာနဲ့ ရွှေဈေး မြင့်တက်

By မဇ္ဈိမ 
24 July 2023
နှစ်သောင်းကျပ်တန် ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ စစ်ကောင်စီကြေညာပြီးနောက် ဒေါ်လာနဲ့ ရွှေဈေး မြင့်တက်

စစ်ကောင်စီက ငွေကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ်ကို ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ဝေမယ်လို့ ကြေညာလိုက်ရာ ယင်းသတင်းကြောင့် ပြင်ပငွေကြေးဈေးကွက်အတွင်း ဒေါ်လာဝယ်လိုသူများလာပြီး တစ်ဒေါ်လာကို ကျပ် ၃၅၀၀ ကျော်အထိ ခေါ်ဈေးရှိလာပေမယ့် ရောင်းသူမရှိကြောင်းငွေလဲကောင်တာပိုင်ရှင်အချို့ကပြောပါတယ်။

ဇူလိုင် ၂၂ ရက်နေ့က ဒေါ်လာဈေးမှာ  ၁ ဒေါ်လာကို ၃၀၆၀ ကျပ်သာရှိခဲ့ပေမယ့် ဇူလိူင် ၂၃မှာတော့ ပြင်ပငွေလဲလှယ်တဲ့ ဈေးကွက်အတွင်း ဒေါ်လာဈေးမှာ ၃၅၀၀ ကျော် အထိခေါ်ဈေးရှိနေတာဖြစ်ပါတယ်။ 

ဒေါ်လာဈေးသာမကထိုင်းဘတ်၊တရုတ်ယွမ်၊ ဂျပန်ယမ်းဈေးများက တရှိန်ထိုးမြင့်တက်လာတယ်လို့သိရပါတယ်။ 

အလားတူ ရွှေဈေးလည်းတက်လာပြီး ပြည်တွင်းအခေါက်ရွှေဈေးမှာလည်း ၁ ကျပ်သားကို ကျပ် ၃၆ သိန်းအထိမြင့်တက်လာပါတယ်။

ရန်ကုန်ရှိ ရွှေဆိုင်အများစုမှာ ဇူလိုင်လ ၂၃ ရက်နေ့က ဆိုင်ဖွင့်လှစ်ခြင်း မရှိဘဲ ရွှေရောင်းချခြင်းကို ရပ်နားထားကြောင်း သိရပါတယ်။

လက်ရှိ အိမ်ခြံမြေဈေးကွက်အတွင်းမှာလည်း တိုက်ခန်း၊ ကွန်ဒိုနဲ့ အိမ်ခြံမြေ အထူးအရောင်းအဝယ် ကောင်းမွန်နေရာမှ ငွေကျပ် နှစ်သောင်းတန်သတင်းကြောင့် အရောင်းဖွင့်ထားတဲ့ တိုက်ခန်း၊ ကွန်ဒိုနဲ့ အိမ်ခြံမြေတချို့ ခေတ္တယာယီ အရောင်းရပ်သွားတယ်လို့သိရပါတယ်။

စစ်ကောင်စီမှ ဗုဒ္ဓရုပ်ပွါးတော်တည်ဆောက်ပြီးစီးမှုနဲ့ ဆင်ဖြူတော်ရတနာရဲ့ တစ်နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ဆိုကာ နှစ်သောင်းကျပ်တန် ငွေစက္ကူများ ထုတ်ဝေမယ်လို့ ကြေညာခဲ့ပြီးနောက် လူထုအကြား ဒေါ်လာဈေး၊ ရွှေဈေး အပါအဝင် ကုန်ဈေးနှုန်းများ မြင့်တက်လာမှာကို စိုးရိမ်မှုများ ရှိနေကြောင်း သိရပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ယခု အထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းမှာ အမှတ်တရအနေဖြင့်လည်းကောင်း၊ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ်ပေးခြင်းဖြစ်၍ လည်းကောင်း၊ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ကြောင်း ပြောကြားထားပါတယ်။

ကျပ်နှစ်သောင်းတန်ဟာ အရေအတွက် အကန့်အသတ် ဖြင့်သာထုတ်ဝေသွားမှာဖစ်ပြီး သတင်းထုတ်ပြန်ချက်မှာပါတဲ့အတိုင်း ဟောင်းနွမ်း ငွေစက္ကူများကို အစားထိုး လဲလှယ်ပေးခြင်းမှာ အမှတ်တရအနေဖြင့် ထည့်သွင်း လဲလှယ်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။

လဲလှယ်တန်ဖိုးမှာ လူတစ်ဦးကို နှစ်သောင်းကျပ်တန် ငွေစက္ကူ (၃)ရွက်ခန့်သာ လဲလှယ်နိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

ကားဈေးကွက်တွင်လည်း လက်ရှိ နှစ်သောင်းတန် ထုတ်ဝေမယ့် သတင်းကြောင့် ရိုက်ခတ်မှုကြီးနေပြီး ကားအရောင်းတချို့ မရောင်းတော့ဘဲ ဈေးကွက်ကို စောင့်ကြည့်ဖို့ အရောင်း ရပ်ဆိုင်းသွားကြောင်း သိရပါတယ်။

ဗဟိုဘဏ်ကနေ မြန်မာကျပ်ငွေ နှစ်သောင်းတန်ကို အခုလ ၃၁ ရက်နေ့ကစပြီး ထုတ်ဝေမယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းဌာနက ဇူလိုင်လ ၂၃ ရက် မနက်ပိုင်းမှာ ကြေညာလာတာဖြစ်ပါတယ်။ 

လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူတွေကိုလည်း တရားဝင်ဆက်လက်သုံးစွဲခွင့်ပြုမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

စစ်ကောင်စီက အသစ်ထုတ်ဝေမဲ့ နှစ်သောင်းတန်ငွေစက္ကူသစ်ရဲ့ အရှေ့ဘက်မျက်နှာမှာ ဆင်ဖြူတော်ပုံ၊ အနောက်ဘက်မျက်နှာမှာ စစ်ကိုင်းတံတားနဲ့ ဧရာဝတီတံတားပုံကို ရိုက်နှိပ်ထားပါတယ်။

အရွယ်အစားက အလျား ၁၅ စင်တီမီတာ၊ အနံ ခုနစ်စင်တီမီတာရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် ငွေစက္ကူတွေကို တန်ဖိုးတိုးမြှင့်ရိုက်ထုတ်ခဲ့ပါတယ်။ NLD အစိုးရလက်ထက်ကတော့ ငွေစက္ကူကို တန်ဖိုးတိုးမြှင့်ရိုက်ထုတ်ခဲ့ခြင်းမရှိပါဘူး။

ငွေစက္ကူတန်ဖိုး နောက်ဆုံးတိုးမြှင့်ထုတ်ဝေခဲ့တာက သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကဖြစ်ပြီး ၂ဝ၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က တစ်သောင်းကျပ်တန် ငွေစက္ကူကို စတင်ထုတ်ခဲ့တာပါ။ 

ငါးထောင်ကျပ်တန်ကိုတော့ ဦးသန်းရွှေဦးဆောင်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

ဘဏ္ဍာရေးအကျပ်အတည်းဖြစ်လို့ စစ်ကောင်စီက ငွေစက္ကူအသစ်ထုတ်ဝေတာဖြစ်ပြီး တရားဝင်အစိုးရမဟုတ်လို့ ငွေထုတ်ပိုင်ခွင့်မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ တုံ့ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly