ကန်ပက်လက်မှ တပ်ပြောင်းပြန်လာသည့်စစ်ကြောင်း တိုက်ခိုက်ခံရပြီး  ၅ ဦးသေဆုံးဟုဆို

By ပါခွီး (မဇ္စျိမ)
24 July 2023
ကန်ပက်လက်မှ တပ်ပြောင်းပြန်လာသည့်စစ်ကြောင်း တိုက်ခိုက်ခံရပြီး  ၅ ဦးသေဆုံးဟုဆို

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သို့ တပ်ပြောင်းအလဲပြုလုပ်ပြီး ပြန်လည်ထွက်ခွာလာသည့် စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦးသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet က ထုတ်ပြန်သည်။

ကန်ပက်လက်မြို့နယ် ပါကွန်းကျေးရွာအောက်ဘက် ကတင်းချောင်းအနီးတွင် အင်အား ၁၁၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင်လ ၂၃ ရက် နေ့လည် ၁၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“စစ်ကောင်စီတပ်က ငါးယောက်သေပြီး ဒဏ်ရာရတဲ့သူတွေများတယ်။ ပြည်သူတယောက် စစ်ကောင်စီ တပ်ကထောင်တဲ့မိုင်းကြောင့် သေဆုံးခဲ့တာရှိပါတယ်” ဟု CDF – Kanpetlet ပြန်ကြားရေး တာဝန်ရှိသူ တဦးက မဇ္စျိမ ကိုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရသူများပြားခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့မှ အထိ အခိုက်မရှိကြောင်း ဆိုသည်။

သို့သော် စစ်ကြောင်းအခြေအနေကို သွားရောက်ကြည့်ရှုသည့် အသက် ၅၃ နှစ်အရွယ် ဒေသခံ အမျိုးသား တဦး စစ်ကောင်စီတပ်ကထောင်ထားသည့် မိုင်းနင်းမိပြီး အသက်ဆုံးရှုံခဲ့ရကြောင်း သိရသည်။

အဆိုပါတိုက်ပွဲကို CDF – Kanpetlet တပ်မဟာ လက်အောက်ခံတပ်ရင်းများဖြစ်သော တူမီး၊ ဝကောက် နှင့်ဝိတိုရီးယားတပ်ရင်းများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်စစ်ကြောင်းသည် ယခုအခါ ကန်ပက်လက်မြို့နယ် တိုက်နယ်အမှတ်(၅)သို့ ရောက်ရှိသွားပြီး ချင်းကာ ကွယ်ရေးတပ်ဖွဲ့နှင့် ဆက်လက်ထိတွေ့မှုများဖြစ်လာနိုင်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူကသုံးသပ် ပြောဆိုသည်။

တချိန်တည်းတွင်  မကွေးတိုင်း လောင်းရှည်မှ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ အင်အားဖြည့်တင်ရန် ထွက်ခွာလာသော တင့်ကားနှစ်စီးပါ အင်အား ၃၀၀ ခန့် စစ်ကြောင်းကိုလည်း ဒေသခံကာကွယ်ရေးတပ် ဖွဲ့များမှတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။ 

အဆိုပါစစ်ကြောင်းသည့် ကျင်ဒွေးဖက်သို့ဆက်လက်ထွက်ခွာလာနေရာ ဇူလိုင်လ ၂၄ ရက် ယနေ့တွင် (ဒေသအခေါ်) လဲပုံလမ်းခွဲနေရာ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်အတွင်း တပ်အပြောင်းအလဲနှင့် ရိက္ခာအင်အားဖြည့်တင်းရန်လာသော စစ်ကြောင်း နှစ်ကြောင်းနှင့် ရက်ရှည်တိုက်ပွဲများဖြစ်ပွားနေသဖြင့် CDF–Kanpetlet တပ်ဖွဲ့အနေဖြင့် လက်နက်ခဲယမ်း များ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားနေသော စစ်လမ်းကြောင်းရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံ ၃၀၀၀ ခန့် နေရပ်စွန့်ခွာ တိမ်း ရှောင်နေရကြောင်း ပြန်ကြားရေးတာဝန်ခံကဆိုသည်။

မိုးတွင်းကာလဖြစ်သောကြောင့် အဆိုပါစစ်ဘေးရှောင်များအတွက် တာလပါတ်မိုးကာများ၊ စားနပ်ရိက္ခာ နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ၍ မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီကြရန် အသိပေးတိုက် တွန်းထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly