သေဒဏ်အမိန့်တွေ ဆက်ချမှတ်နေတာက ဥပဒေကို လျစ်လျူရှုနေတဲ့ သက်သေဖြစ်ကြောင်း APHR အဖွဲ့ပြော

By မဇ္ဈိမ 
24 July 2023
သေဒဏ်အမိန့်တွေ ဆက်ချမှတ်နေတာက ဥပဒေကို လျစ်လျူရှုနေတဲ့ သက်သေဖြစ်ကြောင်း APHR အဖွဲ့ပြော

စစ်တပ်က လူအများအပြားကို သေဒဏ်အမိန့်တွေ ဆက်ပြီးချမှတ်နေတာဟာ ဥပဒေကို လျစ်လျူရှုနေတယ်ဆိုတဲ့ သက်သေတွေဖြစ်တယ်လို့ အာဆီယံနိုင်ငံတွေက လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ APHR အဖွဲ့က ဇူလိုင် ၂၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်ခဲ့တာဟာ မြန်မာပြည်ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက် ဆုံးရှုံးမှုကြီးဖြစ်ပြီး တစ်နှစ်ကြာတဲ့အထိ တရားမျှတမှု မရသေးဘူးလို့ APHR ဥက္ကဋ္ဌ Mercy Barends က ပြောပါတယ်။

ဒါ့အပြင် တရားဥပဒေစိုးမိုးရေးကို ပျက်ရယ်ပြုနေတဲ့ လုပ်ရပ်တွေအတွက် မြန်မာစစ်တပ် အနေနဲ့ တာဝန်ခံရမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီခုံရုံးက သေဒဏ်ချမှတ်ခဲ့တာ တစ်နှစ်ပြည့်ခါနီးအချိန်မှာ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့(APHR)က ထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

APHR က စစ်တပ်ရဲ့ ဆိုးရွားတဲ့ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာတရားရုံးတွေဖြစ်တဲ့ ICC, ICJ တို့ မှာ အရေးယူအပြစ်ပေးနိုင်အောင် ခိုင်မာတဲ့အစီအမံတွေ ချမှတ်ဆောင်ရွက်ဖို့ အာဆီယံနဲ့ နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို စနစ်တကျ ကျူးလွန်နေဆဲဖြစ်တယ်လို့လည်း ပါရှိပါတယ်။ 

စစ်ကောင်စီရဲ့ လက်တွေ့‌‌‌သေဒဏ်ကျင့်သုံးမှုကြောင့် အမိန့်ချမှတ်ခံထားရသူတွေရဲ့ မိသားစုဝင်တွေဘက်က စိုးရိမ်မှုမြင့်တက်နေပြီး နိုင်ငံတကာကလည်း ဒီလိုလုပ်ရပ်အပေါ် အပြင်းအထန်ကန့်ကွက် ပြစ်တင်ထားပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားခဲ့သူထဲက အကျဉ်းထောင်တွေမှာ အကျဉ်းချခံရပြီး သေဒဏ်အမိန့်ချမှတ်ခံထားရသူ ၁၁၅ ယောက်ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်အရ သိရပါတယ်။

သေဒဏ်အမိန့်ချခံရသူတွေဟာ အသက် ၁၉ နှစ်ကနေ ၅၀ အရွယ်ကြားရှိသူတွေဖြစ်ပြီး အဲဒီထဲမှာ အမျိုးသားအရေအတွက်က အယောက် ၁၀၀ နဲ့အများဆုံးဖြစ်ပါတယ်။ 

သေဒဏ်အမိန့်ချခံထားရတဲ့ အမျိုးသမီး ၁၅ ဦးလည်းရှိပါတယ်။

အဲဒီထဲက အယောက် ၉၀ ဝန်းကျင်ဟာ ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ဒုတိယအများစုကတော့ မန္တလေးအကျဉ်းထောင်ထဲမှာဖြစ်ပါတယ်။

ကိုဂျင်မီတို့ လေးဦးကို ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၄ ရက်နေ့မှာမှ ပြစ်ဒဏ်စီရင်ပြီးကြောင်း သတင်းစာတွေကနေ ကြေညာခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားသူတွေကို စစ်ကောင်စီက အခုလို သေဒဏ်အမိန့်တွေချမှတ်နေသလို သေဒဏ်စီရင်တာကိုလည်း တကျော့ပြန် ပြန်လည်ကျင့်သုံးလာတာဖြစ်ပါတယ်။

ဒီကနေ့ဟာ အဲဒီအမျိုးသား ၄ ဦး သေဒဏ်ပေးခံခဲ့ရတာ တစ်နှစ်ပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို ပြစ်ဒဏ် စီရင်တာ အကျည်းထောင် လက်စွဲဥပဒေအတိုင်း လုပ်တာဖြစ်ပြီး တရားဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်တာမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly