မန္တလေးတွင် ဓာတ်ဆီဈေးတက် ၊ ဆိုင်အချို့ဆီပြတ်လပ်နေဟုဆို

By 007 (မဇ္စျိမ)
23 July 2023
မန္တလေးတွင် ဓာတ်ဆီဈေးတက် ၊ ဆိုင်အချို့ဆီပြတ်လပ်နေဟုဆို

မန္တလေးမြို့တွင် ယခုနှစ်ဆန်းပိုင်းကစ၍ တရိပ်ရိပ်ထိုးတက်လာသည့် ဓာတ်ဆီဈေးသည် ယနေ့တွင်တစ်လီလျှင် ကျပ်၂,၃၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်သွားခဲ့ကြောင်း ဒေသခံနှင့် စက်သုံးဆီအရောင်းဆိုင်များထံက သိရသည်။

"95 တစ်လီတာကို ၂,၃၄၀ ဖြစ်သွားပြီ၊ ပြီးခဲ့တဲ့လကနဲ့နှိုင်းယှဉ်ရင် နှစ်ရာ၀န်းကျင် ဈေးတက်သွားတယ်။  တချို့ဆိုင်တွေ မရောင်းပေးတော့ဘူး။  ရောင်းစရာမရှိတာလို့ ပြောတယ်။ မန္တလေးမှာ ဓာတ်ဆီဈေးတက်တဲ့ အခါတိုင်း  95 က ၀ယ်မရတော့ဘူး" ဟု ယနေ့နံနက်ပိုင်းတွင် စက်သုံးဆီ ၀ယ်ယူခဲ့သူတစ်ဦးက ပြောသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းက  ဓာတ်ဆီ(အောက်တိန်း 95)တစ်လီတာလျှင် ၁၈၀၀ ကျပ် ၀န်းကျင်ရှိခဲဲ့ကာ ယခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ယင်းပေါက်ဈေးထက် ကျပ်သုံးရာကျော် ဈေးမြင့်တက်ခဲ့ပြီးနောက် ဇူလိုင်လ ၂၁ ရက် မှစ၍ ကျပ် ၂,၃၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

"ဒီလထဲမှာတရိပ်ရိပ်တက်လာတာဗျ။ ဇူလိုင် ၂၀ လောက်အထိ ၂,၂၀၀ ကျော်မှာ ရှိနေသေးတယ်။ ၂၁ ရက်မှာမှ ၂,၃၁၅ ကျပ်နဲ့ စရောင်းလိုက်ရတယ်။ တစ်လအတွင်း နှစ်ရာကျော် ဈေးတက်သွားတဲဲ့သဘောပေါ့။ ၂၅ ရက်နေ့လောက်အထိ အတက်နည်းနည်းရှိဦးမယ်။ ဒီလကုန်အထိကျဖို့ မရှိဘူး" ဟု စက်သုံးဆီအရောင်းဆိုင်တစ်ခုမှ မန်နေဂျာက ပြောသည်။

မန္တလေးမြို့တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လက ဓာတ်ဆီ(အောက်တိန်း 95)တစ်လီတာလျှင် ၁,၈၀၀ ကျပ်၀န်းကျင်နှင့် 92 တစ်လီတာလျှင် ၁,၇၀၀ ကျပ်၀န်းကျင် ဈေးရှိခဲ့ပြီး ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် 95 တစ်လီတာလျှင် ၂,၃၄၀ ကျပ်နှင့် 92 တစ်လီတာလျှင်  ၂,၂၂၅ ကျပ် ဈေးပေါက်နေကြောင်း သိရသည်။

မန္တလေးမြို့တွင် ယမန်နှစ်သြဂုတ်လက ဓာတ်ဆီဈေး(အောက်တိန်း 95/92) တစ်လီတာလျှင် ၂,၄၀၀ ကျပ်နှင့်အထက်သို့ ရောက်ရှိခဲ့ဖူးပြီး စက်သုံးဆီ အရောင်းဆိုင်တချို့ ဆီပြတ်လပ်သွားခဲ့ဖူးသည်။

စာတည်း။         ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly