ပဲခူးတိုင်း စိန်ကန့်လန့်−မြို့ချောင်းလမ်းပိုင်းတွင် သစ်ထုတ်နေသည့်ကားများထံက စစ်ကောင်စီတပ်ဖွဲ့ ဂိတ်ဖွင့် ငွေကောက်ခံနေ

By ရွှေနွယ် (မဇ္ဈိမ)
23 July 2023
ပဲခူးတိုင်း စိန်ကန့်လန့်−မြို့ချောင်းလမ်းပိုင်းတွင် သစ်ထုတ်နေသည့်ကားများထံက စစ်ကောင်စီတပ်ဖွဲ့ ဂိတ်ဖွင့် ငွေကောက်ခံနေ

ပဲခူးတိုင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ဆက်သွယ်ထားသည့် စိန်ကန့်လန့်−မြို့ချောင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ဂိတ်ဖွင်၍ သစ်ထုတ်လုပ်နေသည့် ကားများကို ငွေကောက်ခံနေသည်ဟု ဒေသခံသစ်လုပ်ငန်းလုပ်ကိုင်သူနှင့် ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

“ခါချဉ်တောင်ဂိတ်က ကားတစ်စီးကို ၃၀၀,၀၀၀ယူတယ်။ လမ်းတစ်လျှောက်မှာက ဂိတ်ပေါင်း ခုနစ်ဂိတ်ရှိတယ်။ တချို့ဂိတ်တွေမှာ စစ်သားတွေပဲရှိတယ် ။ တချို့ဂိတ်မှာတော့ သစ်တောကလူတွေ ရှိတယ်”ဟု မင်းလှမြို့ဒေသခံ သစ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးမှ မဇ္ဈိမကိုပြောသည်။

အဆိုပါလမ်းပိုင်းတွင် မင်းလှမြို့နယ်ရှိ ကျေးရွာပေါင်း  ၁၀ ရွာခန့်က သစ်ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူများ သွားလာကြပြီး၊ မင်းလှမြို့နယ်အတွင်း သစ်လုပ်ငန်းလုပ်ကိုင်နေသည့် ကားအစီးရေ ၁၀၀ ခန့်ရှိသည်ဟု အဆိုပါ ဒေသခံ၏ပြောဆိုချက်အရသိရသည်။

အချို့သစ်ကားများသည် ရက်ခြားသွားလာခြင်းဖြစ်သည့်အတွက် နေ့စဉ်အသွားအလာပြုလုပ်နေသည့် ကားအစီးရေမှာ ပျမ်းမျှ တစ်ညလျှင် အစီးရေ ၂၀ ခန့်ရှိသည်ဟုသိရသည်။

အဆိုပါ လမ်းပိုင်းတစ်လျှောက်တွင် ပဲခူးတိုင်းအနောက်ခြမ်း၌ စိန်ကန့်လန့်ရွာအထွက်ဂိတ်၊ ဘန့်ဘွေးကုန်းသစ်တောထိန်းသိမ်းရေးဂိတ်၊ မုက္ခာဆည်ဘေးရှိ ဂိတ်၊ ဘိုရုံဂိတ်၊ ခါချဉ်တောင်ဂိတ်၊ ငပွေးကြီးဂိတ်နှင့် ဇာမဏီသစ်တောဂိတ် စသည့် စစ်ကောင်စီဂိတ် ခုနစ်ဂိတ်ခန့် ရှိနေပြီး ပုံမှန်အားဖြင့် ခါချဉ်တောင်ဂိတ်သည် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ရှိသည့် ဂိတ်ဖြစ်ကြောင်း သိရသည်။

စိန်ကန့်လန့်−မြို့ချောင်းလမ်းပိုင်းသည် သစ်ထုတ်လုပ်ရေးလုပ်ကိုင်နေသူများ အဓိကအသုံးပြုနေသည့် လမ်းပိုင်းဖြစ်ပြီး အဆိုပါ နယ်အတွင်း စစ်ကြောင်းတာဝန်ကျနေသည့် စစ်ကောင်စီတပ်သားများ၊ မင်းလှမြို့ ခလရ − ၁ တပ်မှ တပ်သားများ၊ ရဲများနှင့် သစ်တောဝန်ထမ်းအချို့ပူးပေါင်းကာ စစ်ဆေးငွေကောက်ခံမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သာယာဝတီခရိုင်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က‌ ပြောသည်။

“ပဲခူးရိုးမဟာ အရင်ကတည်းက သစ်ထုတ်လုပ်မှုအများဆုံး လုပ်ခဲ့တဲ့နေရာဖြစ်တဲ့အတွက် သစ်တောပြုန်းတီးမှု ဆိုးဆိုးရွားရွားဖြစ်နေလို့ သစ်ထုတ်လုပ်ခွင့်ကို ၂၀၁၇ ခုနှစ်ကစပြီး ၁၀ နှစ် ပိတ်ပင်ထားတဲ့နေရာပါ။မြေပုံမှာကြည့်ရင်လည်း ခါချဉ်တောင်တဝိုက်မှာ သစ်တောပြုန်းတီးနေတာကို သိသိသာသာတွေ့ရမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် အဆိုပါလမ်းပိုင်း၌ ငွေကြေးကောက်ခံခြင်းအပြင် ပစ္စည်းများ သိမ်းယူခြင်းနှင့် ကားသိမ်းသည့် အခြေအနေများပါ ပြုလုပ်လာကြသည်ဟု ဆိုသည်။

ယခုနှစ် မေလမှစ၍ သုံးလတာကာလအတွင်း ဒေသခံများ ပိုင်ဆိုင်သည့် သစ်ဖြတ်စက် ၁၉၈ လုံး၊ ဖုန်း ၁၆၄ လုံးနှင့် ငွေကြေးများကို စစ်ကောင်စီတပ်ဖွဲ့က သိမ်းယူခဲ့‌သေးသည်ဟု မင်းလှမြို့ဒေသခံ၏ပြောဆိုချက်အရသိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းက မင်းလှမြို့နယ် စိန်ကန့်လန့်−မြို့ချောင်းလမ်းပိုင်း ခါချဉ်တောင်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပဲခူးရိုးမအတွင်းမှ သစ်နှင့်မီးသွေးများ ခိုးထုတ်လာသောကားကို ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့သေးသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly