မုံရွာတွင်  စစ်ကောင်စီတပ်ဖွဲ့ ကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး

By MTO (မဇ္ဈိမ)
23 July 2023
မုံရွာတွင်  စစ်ကောင်စီတပ်ဖွဲ့ ကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ရှိ  စွမ်းရည်ထက်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ် နှင့် ပျူစောထီးအဖွဲ့ ဝင်များကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ က ဇူလိုင်လ ၂၂ ရက် နေ့လယ်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွား People Defense Force-South Monywa အဖွဲ့ တာဝန်ခံ က ပြောသည်။

 “ ကင်းပုန်းတွေ အထပ်ထပ်ရှိနေတဲ့ကြားထဲကနေ သူတို့ရှိနေတဲ့နေရာအနား ထိတိုးပြီးတော့ သူတို့ကို စောင့်ကြည့်နေခဲ့တာ အဲ့အချိန်မှာ စစ်သား နှစ်ကောင် (နှစ်ယောက်) ရေဗူးတွေ ကိုင်ပြီး ကျတော်တို့ ရှိတဲ့ဘက်ကို စကားပြောရင်းနဲ့ ရောက်ချလာတာ အဲ့မှာ ကျတော်တို့ က ထပစ်တာ” ဟု ၎င်းက ပြောသည်။

 ထိုနေရာအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက  ပြန်လည်ပစ်ခတ်၍ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း PDF-South Monywa အဖွဲ့ တာဝန်ခံက ပြောသည်။

 “ သူတို့ဘက်က လက်နက်ငယ်တွေ စက်ကလေးတွေနဲ့ တောက်လျှောက်ပြန်ပစ်တာ။  နေရာမျိုးစုံကနေ ကင်းပုန်းနေရာတွေကပါ ထပစ်တာ ။ ကျတော်တို့ ပစ်ရင်း၊ဆုတ်ရင်းနဲ့ ပြန်ဆုတ်ခဲ့ရတာ ။ ကျွန်တော်တို့ဘက်က နှစ်ယောက် ကျည်ထိမှန်ခဲ့ပေမယ့် မစိုးရိမ်ရပါဘူး” ဟု ၎င်းက ပြောသည်။

ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ အနေဖြင့် ကျည်ဆန် မလုံလောက်မှုကြောင့် ဆုတ်ပစ် ပစ်ခဲ့ရပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း PDF-South Monywa အဖွဲ့ တာဝန်ခံက ဆိုသည်။

တိုက်ခိုက်မှုကို People's Defence Force - South Monywa ၏တပ်ခွဲ(၁)၊ တပ်ခွဲ(၃)နှင့် Monywa Special ဒိတ်ဒိတ်ကြဲ PDFတို့  ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly