စစ်ကောင်စီနှင့် သံခင်းတမန်ခင်း တိုးမြှင့်ဆက်ဆံလာသည့် အိန္ဒိယ

By Foreign Policy
23 July 2023
စစ်ကောင်စီနှင့် သံခင်းတမန်ခင်း တိုးမြှင့်ဆက်ဆံလာသည့် အိန္ဒိယ
Photo-AFP

အိန္ဒိယသည် ယင်း၏ နယ်စပ်တစ်လျှောက်တွင် ဦးနှောက်ခြောက်စရာကောင်းသော နိုင်ငံခြားရေး-မူဝါဒဆိုင်ရာ ခေါင်းခဲစရာကိစ္စသစ်တစ်ခုကို ရင်ဆိုင်နေရသည်။ ယင်းက ပါကစ္စတန် သို့မဟုတ် တရုတ်နှင့် သက်ဆိုင်ပတ်သက်ခြင်းတော့ မရှိပေ။ အိန္ဒိယပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး အက်စ် ဂျိုင်ရှန်ကာသည် ဘန်ကောက်၌ ကျင်းပသော ဒေသတွင်း ကွန်းဖရင့်တစ်ခု၏ သီးခြားပြင်ပတွင် မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့သည်။ ထို တွေ့ဆုံမှုမတိုင်မီကလည်း အိန္ဒိယကာကွယ်ရေး အတွင်းဝန် ဂီရီဒဟာ အရာမာနီးသည် ယခုလအတွင်း မြန်မာနိုင်ငံသို့ နှစ်ရက်တာ ခရီး လာရောက်ခဲ့သည်။

မြန်မာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတို့ အရှိန်ပြင်းထန်လာခြင်းနှင့် ယင်းက အိန္ဒိယ၏ အကျိုးစီးပွားများအပေါ် အန္တရာယ်များ တိုးမြင့် ဖြစ်ပေါ်စေမှုဆိုင်ရာ နောက်ခံဖြစ်ရပ်နှင့်အတူ ယခု အိန္ဒိယအာဏာပိုင်တို့က မြန်မာစစ်ကောင်စီနှင့် တိုးမြှင့် ဆက်ဆံမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသည့် အိန္ဒိယ၊ မဏိပူရ်ပြည်နယ်၌လည်း လူမျိုးရေး အကြမ်းဖက်မှုတို့ ပေါ်ပေါက်နေခဲ့သည်။ ထို မငြိမ်မသက်မှုအောက်တွင် မြန်မာရှိ ချင်းတိုင်းရင်းသားတို့နှင့် မျိုးနွယ်စုဆိုင်ရာ ဆက်နွယ်ပတ်သက်မှုများ ရှိသည့် လူနည်းစု ကူကီးအစုအဖွဲ့နှင့် လူများစု မေထေး (ကသည်း) အစုအဖွဲ့အကြား ဖက်ပြိုင်ထိပ်တိုက်တွေ့နေခဲ့ခြင်း ဖြစ်သည်။

တောင်အာရှရှိ အခြားနယ်စပ် အများအပြားကဲ့သို့ပင် အိန္ဒိယ-မြန်မာ နယ်စပ်သည်လည်း ဖိစီးတင်းမာမှုတို့ ရှိသည်။ မြန်မာရှိ အုပ်စု အစုအဖွဲ့များက မဏိပူရ်မှ စစ်သွေးကြွတချို့ကို ခိုလှုံခွင့် ထောက်ပံ့ပေးခဲ့ပြီး နယူးဒေလီနှင့် နေပြည်တော်တို့သည် မကြာသေးခင်က သူပုန်များကို ဖမ်းဆီးရေး ကြိုးပမ်းမှုများတွင် ပူးပေါင်းဆောင်ရွက်ထားခဲ့သည်။ သို့သော် မြန်မာအာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သော တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်စေရန် အထက်ပါ စစ်သွေးကြွတချို့ကို စစ်သားစုဆောင်းအင်အားဖြည့်ရန် ကြိုးပမ်းထားခဲ့သည်ဟု သိရပြီး စစ်ကောင်စီသည် နယ်စပ်၏ ယင်းဘက်ခြမ်း၌ အခြေစိုက်သော သူပုန်များ အိန္ဒိယတွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းအပေါ် တားဆီးရန် ပျက်ကွက်နေခဲ့သည်။

မြန်မာ၌ အာဏာသိမ်းမှုအလွန် အကြမ်းဖက်မှုတို့က စစ်သွေးကြွများ၊ မှောင်ခိုသမားများနှင့် အခြားသော မတည်မငြိမ်ဖြစ်စေသော အင်အားစုများကို ပိုမို ရဲဆေးတင်ပေးတင်လိမ့်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် အိန္ဒိယ၏ လုံခြုံရေးအကျိုးတရားအပေါ် အန္တရာယ်ပေးလိမ့်မည် ဆိုပြီး အိန္ဒိယအစိုးရဘက်က စိုးရိမ်ပူပန်နေဖွယ်ရှိသည်။ မြန်မာစစ်ကောင်စီသည် ခုခံတော်လှန်မှုများ အားကောင်းသော ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ရက်စက်သော ဖြိုခွင်းနှိမ်နင်းမှုများကို လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီလတွင် ဗုံးနှစ်လုံးက အိန္ဒိယနိုင်ငံထဲ ကျခဲ့သည်ဟု သိရသည်။ ထို့ပြင် မြန်မာစစ်တပ် အာဏာသိမ်းပြီးချိန်မှစပြီး နယ်စပ် အခြေအနေများက ပိုမို စိမ့်ဝင်နိုင်မှုကို ဖြစ်လာစေခဲ့ပြီး မူးယစ်ဆေး ရောင်းဝယ်မှုနှင့် လူကုန်ကူးမှုတို့ကို ပို၍ ဖြစ်ပေါ်စေခဲ့သည်။

မဏိပူရ်ရှိ ဖြစ်ပေါ်ဆဲ မငြိမ်မသက်မှုတို့က နယူးဒေလီအတွက် အန္တရာယ်များကို တိုးမြင့်စေခဲ့သည်။ ကူကီး သူပုန်များသည် မြန်မာဘက်မှ မဏိပူရ်သို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်ဟု မေထေး ခေါင်းဆောင်တချို့က ပြောပြီး တစ်ချိန်တည်းမှာပင် နယ်စပ်ဖြတ်ကျော် သွားလာမှုတိုင်းက ငြိမ်းချမ်းမှု ရှိသည်ဟု ကူကီး ကိုယ်စားပြုသူများက အခိုင်အမာ ဆိုသည်။ မဏိပူရ်ရှိ ကူကီး ဧရိယာများ၌ ဘိန်းစိုက်မှုကို မြန်မာက ငွေကြေးထောက်ပံ့ပေးနေသည်ဟု မေထေး ခေါင်းဆောင်များက စွပ်စွဲသလို တစ်ဘက်တွင်လည်း ယင်းမှာ မေထေး စီးပွားရေးသမားများ (ကာတယ်) က ငွေကြေးပံ့ပိုးခြင်း ဖြစ်သည်ဟု ကူကီး အသိုက်အဝန်း ခေါင်းဆောင်များက တုံ့ပြန် ပြောဆိုသည်။ မည်သို့ဆိုစေကာမူ မဏိပူရ်ရှိ သောင်းကျန်းသူများသည် မြန်မာဘက်မှနေပြီး လှုပ်ရှားခဲ့ပြီး နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းနေထိုင်မှုတချို့ ရှိသည်ဟုလည်း ကူကီးခေါင်းဆောင်များက ဝန်ခံသည်။

ပဋိပက္ခက ဒေသဆိုင်ရာ ဆက်သွယ်ချိတ်ဆက်မှု ပရောဂျက်များအပေါ် သက်ရောက်ထိခိုက်မှု ရှိနိုင်သည်ကို စိုးရိမ်ပူပန်သည့်အတွက် နယူးဒေလီသည် နေပြည်တော်နှင့် ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်နေခြင်း ဖြစ်သည်။ အိန္ဒိယသည် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်းမှတစ်ဆင့် မြောက်ဘက်နှင့် အရှေ့ဘက်ရှိ ယင်း၏ အိမ်နီးချင်းများနှင့် ပေါင်းစည်းမှုကို မြှင့်တင်ရန် ရည်မှန်းထားသည်။ ထို့ပြင် အိန္ဒိယသည် မြန်မာ၊ ထိုင်း နှင့် ချိတ်ဆက်မည့် နှောင့်နှေးကြန့်ကြာနေသော အဝေးပြေးလမ်းမ စီမံကိန်းတစ်ခုကိုလည်း ဆက်လက်လုပ်ဆောင်နေပြီး ယင်းနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ယခင်ကာလအတွင်း စိန်ခေါ်မှုူများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ပရောဂျက်များကို မြန်ဆန်သွက်လက်ပြီးစီးစေရန် လိုအပ်ကြောင်း ဂျိုင်ရှန်ကာက အင်္ဂါနေ့က အလေးပေး ပြောသည်။

အိန္ဒိယ၏ နယ်စပ် ဧရိယာများသည် “အကြီးအကျယ် အနှောင့်အယှက်ပေးခံထားရသည်” ဟု ဂျိုင်ရှန်ကာက ပြောပြီး “အခြေအနေကို ပိုမိုဆိုးရွားစေသည့် မည်သည့်လုပ်ဆောင်ချက်မျိုးကိုမဆို ရှောင်ကြဉ်သင့်သည်” ဟု ပြောသည်။ နယူးဒေလီ၏ ပိုမို ကြီးမားလာသည့် စိုးရိမ်ပူပန်မှုများကို ထင်ဟပ်စေသော ပြင်းထန်သည့် အသုံးအနှုန်းဖြစ်သည်။ မြန်မာတွင် ဒီမိုကရေစီလမ်းကြောင်းပေါ် မူလအတိုင်း ပြန်ရောက်စေရေး အိန္ဒိယက ထောက်ခံအားပေးကြောင်း ၎င်းက ထပ်လောင်း ပြောသည်။ ယင်းသည် အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုတို့ လျော့နည်းစေရန်နှင့် လုံခြုံရေးနှင့် စီးပွားရေး ဆိုင်ရာ အန္တရာယ်များ ပိုမို လျော့နည်းစေရန် မျှော်လင့်ရင်း အိန္ဒိယအစိုးရ ကိုင်ဆွဲထားသည့် ရပ်တည်ချက်သဘောထားတစ်ရပ် ဖြစ်သည်။ ယင်း ရပ်တည်ချက်က မေးခွန်းတချို့ကို ဖြစ်ပေါ်စေသည်။ အဆုံးမှာတော့ အိန္ဒိယသည် မြန်မာစစ်တပ်ကို လက်နက်တပ်ဆင်ခြင်းအားဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့် ဆန့်ကျင်သော အင်အားစုများကို အားဖြည့်ပေးလျက်ရှိနေခြင်း ဖြစ်သည်။

မြန်မာစစ်ကောင်စီနှင့် ပတ်သက်လာလျင် နယူးဒေလီသည် ဟန်ချက်ထိန်းထားသော သံတမန်ရေး ကြိုးတန်းအတိုင်း လျှောက်လှမ်းနေသည်။ အိန္ဒိယအတွက် နယ်စပ်ဆိုင်ရာနှင့် ဆက်သွယ်ချိတ်ဆက်ရေး ကိစ္စများနှင့်ပတ်သက်ပြီး မြန်မာ၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည်။ မြန်မာက တရုတ်အပေါ် လုံးလုံးလျားလျား မှီခိုအားကိုးသွားမှု ဖြစ်မလာစေရန်လည်း အိန္ဒိယက ဆန္ဒရှိသည်။ ယင်းသည် မည်သည့်အတွက်ကြောင့် အိန္ဒိယက မြန်မာထံ အဓိက လက်နက်ထောက်ပံ့ရောင်းချသူ နိုင်ငံတစ်နိုင်ငံ ဖြစ်နေသလဲ ဆိုသည်ကို ကူညီ အဖြေထုတ်ပေးနိုင်သည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်အုပ်စုထံ အိန္ဒိယက လက်နက်များ ပိုမို ပေးပို့ရောင်းချထားခဲ့သည်ဟု ကုလသမဂ္ဂက ပြောသည်။ ယင်းက တရုတ်အပေါ် မြန်မာ၏ မှီခိုအားကိုးမှုကို လျော့ကျစေနိုင်သည်။ သို့သော် ယင်းက အိန္ဒိယအတွက် အန္တရာယ်ဖြစ်စေသော အကြမ်းဖက်မှုတို့ကို မီးလောင်ရာ လေပင့်ဖြစ်စေလျက် ရှိသည်မှာ မလွဲဧကန်ဖြစ်သည်။

မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် နိုင်ငံတွင်း အိုးအိမ်နေရပ်စွန့်ခွာထွက်ပြေးကြသူများ အတွက် အကူအညီများ ပိုမို ထောက်ပံ့ခြင်း၊ လူသားချင်းစာနာမှု အကူအညီများ တိုးမြှင့်ပံ့ပိုးခြင်းအားဖြင့် အိန္ဒိယအနေဖြင့် နောက်ထပ် ခြေလှမ်းတစ်ခုကို ဆက်သွားရန် တတ်နိုင်စွမ်း ရှိသည်။ ယင်းက ၂၀၂၁ တွင် စစ်တပ်၏ အာဏာသိမ်း ဖြုတ်ချခြင်းကို ခံရသည့် ရွေးကောက်ခံ လွှတ်တော်အမတ်များ ပါဝင်သော အမျိုးသား ညီညွတ်ရေး အစိုးရ အပါအဝင် မြန်မာ့ ဒီမိုကရေစီ အင်အားစုများကို အထောက်အပံ့ ပြုပေးနိုင်သည်။ ယင်းက အိန္ဒိယအနေဖြင့် မြန်မာတွင် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရေး အားထုတ်မှုများနှင့်ပတ်သက်ပြီး  ဖန်တရာတေနေသည့် ဓာတ်ပြားဟောင်းပြန်ဖွင့်ခြင်းထက် ကျော်လွန်ပြီးသွားရန် လိုလားကြောင်းကို ပြသရာ ရောက်လိမ့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly