တရုတ်က ရုရှားထံမှ ရေနံပမာဏ စံချိန်တင် တင်သွင်းကာ ကိုရီးယားနှင့် ဂျပန် ထုတ်လုပ်ရေးလုပ်ငန်းများကို ဖိအားပေးလာနိုင် 

တရုတ်က ရုရှားထံမှ ရေနံပမာဏ စံချိန်တင် တင်သွင်းကာ ကိုရီးယားနှင့် ဂျပန် ထုတ်လုပ်ရေးလုပ်ငန်းများကို ဖိအားပေးလာနိုင် 

တရုတ်သည် စီးပွားရေးကျဆင်းနေသော်လည်း ရေနံကို သိုလှောင်ထားရန်နှင့် သန့်စင်ချက်လုပ်ပြီး ပြည်ပတင်ပို့ရန် ရုရှားရေနံစိမ်း ဈေးပေါမှုကို အခွင့်ကောင်းယူကာ စံချိန်တင်ပမာဏအထိ တင်သွင်းလျက်ရှိသည်။ 

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးရှိရာ တရုတ်နိုင်ငံတွင် စီးပွားရေးနာလန်ထရန် ရုန်းကန်နေရသော်လည်း ယခုနှစ်အတွင်း ရေနံတင်သွင်းမှု စံချိန်တင်မြင့်တက်လာခြင်း ဖြစ်သည်။ 

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများသည် ကမ္ဘာ့ရေနံဈေးကွက်အား ပြန်လည်ပုံဖော်နေကြောင်း ယခုလုပ်ရပ်က ပြသနေပြီး ရေနံစိမ်း စျေးပေါမှုကြောင့် တရုတ်အတွက် နှစ်ဆအကျိုးရှိလာခဲ့ကာ ပို့ကုန်မြှင့်တင်ရန် အခွင့်အလမ်း ရရှိလာခဲ့သည်။ 

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၁၁ ဒသမ ၄ သန်း တင်သွင်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၁ ဒသမ ၇ ရာခိုင်နှုန်း တိုးလာကာ ကိုဗစ်မတိုင်မီကာလနှင့် နှိုင်းယှဉ်ပါက ၁၅ ဒသမ ၃ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု အကောက်အခွန် အချက်လက်များကို အခြေခံ၍ Financial Times က တွက်ချက်ဖော်ပြထားသည်။ 

တရုတ်နိုင်ငံတွင် ရေနံစိမ်းသိုလှောင်နေသည်ဟု အလွယ်ပြော၍ရကြောင်း Rystad Energy သုတေသနအဖွဲ့မှ ရေနံရောင်းဝယ်ရေးအကြီးအကဲ မူကက်ရှိ ဆာဒဗ်က ပြောကြားခဲ့သည်။

တရုတ်က နောင်အနာဂတ်နှင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေတို့အတွက် ကြိုတင် တင်သွင်းနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

တရုတ်နိုင်ငံသည် ယခင်လက ရုရှားထံမှ တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၂ ဒသမ ၅၇ သန်း တင်သွင်းခဲ့ပြီး မေလက စံချိန်ကို ကျော်လွန်သွားခဲ့ကြောင်း ဇူလိုင်လ ၂၀ ရက်က တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။

တရုတ်သည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ရုရှားထံမှ တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၂ ဒသမ ၁၃ သန်း တင်သွင်းခဲ့ပြီး ဆော်ဒီအာရေဗျမှ တင်သွင်းသည့် စည်ပေါင်း ၁ ဒသမ  ၈၈ သန်းထက် ကျော်လွန်ခဲ့ကာ ရုရှားသည် ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ရေနံစိမ်းအများဆုံးတင်ပို့သူ ဖြစ်လာခဲ့သည်။

ယူကရိန်းအား ကျူးကျော်ပြီးနောက် ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများသည် တရုတ်မူဝါဒ ချမှတ်သူများအတွက် စွမ်းအင်ဖူလုံမှုနှင့်ပတ်သက်၍ လွန်စွာ သက်သာရာရစေခဲ့သည်။ တရုတ်အနေဖြင့် ရုရှား သို့မဟုတ် ထိုင်ဝမ် အရေးနှင့်ပတ်သက်၍ ပထဝီနိုင်ငံရေးအခြေအနေအချို့အတွက် ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း ဆာဒဗ်က ပြောကြားခဲ့သည်။ 

လုံခြုံရေးနှင့်ပတ်သက်၍ Oxford Institute of Energy Studies မှ တရုတ် စွမ်းအင်သုတေသန အကြီးအကဲ မစ်ချယ်မီဒန် က ပြောကြားခဲ့သည်။ 

ပြင်ပကမ္ဘာသည် ယိုယွင်းလာနေပြီး ၎င်းတို့အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုအတွက် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည် ဆိုသည့် ခံယူချက် တရုတ်တွင် သေချာပေါက်ရှိနေပြီး အဆိုပါ ခံယူချက်သည် နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခြင်းဖြစ်ကြောင်း မီဒန်က ပြောကြားခဲ့သည်။ 

ယူကရိန်းစစ်ပွဲ စတင်ချိန်မှစ၍ ရုရှားထံမှ ရေနံတင်သွင်းရခြင်းသည် အခြား အိုပက်နိုင်ငံများထက် ဈေးသက်သာကြောင်း တရုတ် အကောက်ခွန်အချက်အလက်များတွင် ဖော်ပြထားသည်။

ဆော်ဒီအာရေဗျရေနံစိမ်း တစ်ယူယူနစ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ရုရှားရေနံသည် ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် တစ်စည်လျှင် ၉ ဒေါ်လာနှင့် ဇွန်လတွင် တစ်စည်လျှင် ၁၁ ဒေါ်လာ ဈေးသက်သာခဲ့သည်။ 

သို့သော် ရုရှားလောင်စာဆီ လျှော့ဈေးသည် အီရန်နှင့် ဗင်နီးဇွဲလားတို့ထက်နည်းပြီး ရုရှားရေနံစိမ်း ရောင်းဝယ်ရာတွင် ဒေါ်လာအသုံးမပြုမှု တိုးလာကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

ရုရှားဘက်သို့ မြားဦးလှည့်ခြင်းသည် စနစ်တကျပြောင်းလဲခြင်းထက် အခွင့်အရေးယူခြင်း ဖြစ်နိုင်သည်။ တရုတ်အနေဖြင့် ရုရှားဘက်သို့ လုံးလုံးလျားလျား ယိမ်းလိုက်ခြင်းမဟုတ်ဘဲ ဆော်ဒီသွင်းကုန်များမှ ခေတ္တ လမ်းကြောင်းပြောင်းလဲခြင်းသာ ဖြစ်နိုင်သည်ဟု ယူဆကြောင်း မီဒန်က ပြောကြားခဲ့သည်။ 

တရုတ်နေဖြင့် မိမိထံ တင်ပို့နေသူများအကြား ဘက်မမိလိုက်စေရန် အလေးထားလျက်ရှိသည်။ ထိုသို့ဖြစ်ရသည်မှာ ဈေးကွက်အခြေအနေမှန်က ဖော်ဆောင်လိုက်သည့် ဈေးနှုန်းကြောင့်ဖြစ်ကြောင်း မီဒန်က ထပ်မံ ပြောကြားခဲ့သည်။ 

တရုတ်ရေနံချက်လုပ်ငန်းများသည် အာရှပြိုင်ဘက်များထက် တစ်စည်လျှင် ၃ ဒေါ်လာအထိ အမြတ်ငွေ ပို၍ရရှိနေခြင်းမှာ ထုတ်လုပ်မှုဆက်လက်လုပ်ဆောင်ရန် မက်လောက်သည့် ဆွဲဆောင်မှုဖြစ်ကြောင်း ဈေးကွက် အချက်အလက်များကို ထုတ်ပြန်ပေးနေသည့် Kpler အဖွဲ့က ထောက်ပြထားသည်။ 

တရုတ်အနေဖြင့် ဈေးသက်သာသော ရုရှားရေနံထံမှ အကျိုးအမြတ်ရရှိနေခြင်းကြောင့် စျေးကွက်ကို လွှမ်းမိုးချုပ်ကိုင်ပြီး ကိုရီးယားနှင့် ဂျပန် ထုတ်လုပ်ရေးလုပ်ငန်းများကို ဖိအားပေးလာနိုင်ကြောင်း Kpler အဖွဲ့က ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly