ထားဝယ်ခရိုင်တွင်  စစ်ကောင်စီ ယာဉ်တန်းမှ စစ်ကောင်စီတပ်သားများ၏  ရမ်းသန်း ပစ်ခတ်မှုကြောင့် ဒေသခံ ဒဏ်ရာရ 

By ကိုရွှေမြိတ် (မဇ္ဈိမ)
23 July 2023
ထားဝယ်ခရိုင်တွင်  စစ်ကောင်စီ ယာဉ်တန်းမှ စစ်ကောင်စီတပ်သားများ၏  ရမ်းသန်း ပစ်ခတ်မှုကြောင့် ဒေသခံ ဒဏ်ရာရ 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊  ရေဖြူ-ကလိန်အောင် လမ်းပိုင်းတွင်  မိုင်းဆွဲတိုက်ခိုက်ခံရသည့်  ကားသုံးစီးပါ ယာဥ်တန်းမှ စစ်ကောင်စီတပ်သားများ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဥယျာဉ်ခြံ အလုပ်သမား တစ်ဦး သေနတ် ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဥ်တန်းတွင် စစ်ကောင်စီ တပ်သား အင်အား ၄၀ ဝန်းကျင် ပါရှိကာ မိုင်းဆွဲ ခံရမှုကြောင့် ထိခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသခံများက ပြော သည်။

ကလိန်အောင်မြို့ခံ တစ်ဦးက“မိုင်းဆွဲ တိုက်ခိုက်တာက PDF တွေပဲ ဖြစ်ဖို့များတယ်။  စစ်တပ်က ပြန်ပစ်တော့ ဥယျာဉ်ခြံ အလုပ်သမား တစ်ဦး ဖြတ်သွားချိန်မှာ ခြေကို ထိသွားတာ ဖြစ်တယ်”ဟု ပြောသည်။

စစ်ကောင်စီယာဥ်တန်းသည် မြေသယ်ကားများဖြင့် ရောနှောကာ ရေဖြူမြို့မှ ကလိန်အောင် မြို့သို့  ထွက်ခွာလာခြင်းဖြစ်သည်။ ယာဥ်တန်းအနက် အလယ်မှ အစီးကို ထိခိုက်သွားခဲ့ပြီး မည်သည့် အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ 

လက်ရှိတွင်  ရမ်းသန်း ပစ်ခတ်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့် ဒေသခံ အမျိုးသားသည် ကံပေါက် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ကောင်စီ ယာဉ်တန်း
#ဒေသခံ ဒဏ်ရာရ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly