ကန်ပက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး 

By ပါခွီး (မဇ္ဈိမ)
23 July 2023
ကန်ပက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး တဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF – Kanpetlet က ဇူလိုင်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အင်အား ၁၄၀ ခန့်ရှိသော စစ်ကောင်စီတပ်သည် မကွေးတိုင်း ကျောက်ထုဖက်မှ ချင်းပြည်နယ် ကန်ပက် လက်မြို့သို့ စစ်ကြောင်းထိုးလာစဉ် ဇူလိုင်လ ၂၁ ရက်နေ့တွင် တော်လှန်ရေးမဟာမိတ် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နှစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ၊ နှစ်ယောက်သေပြီး တယောက်ဒဏ်ရာရတယ်ဆိုတာ အတည် ပြုလို့ရပါတယ်။ အခု အဲဒီစစ်ကြောင်း မြို့ထဲကိုရောက်နေပြီ” ဟု CDF – Kanpetlet တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ကန်ပက်လက်မြို့နယ် လုံမောင်အနီးတွင် နံနက် ၁၁ နာရီတွင် တကြိမ်၊ မြတ်နိုးသူအကွေ့မြောက်ဘက် တွင် မွန်းလွဲ ၁ နာရီ ၃၀မိနစ်၌တကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါစစ်ကြောင်းသည် ကန်ပက်လက်မြို့အတွင်းသို့ရောက်ရှိနေပြီဖြစ်ပြီး တိုက်ပွဲအတွင်း မဟာမိတ် တပ်ပေါင်းစုမှ အထိအခိုက်မရှိကြောင်း CDF – Kanpetlet ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မကွေးတိုင်း လောင်းရှည်မှ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ အင်အားဖြည့်တင်းရန် ထွက်ခွာ လာသော တင့်ကားနှစ်စီးပါ အင်အား ၃၀၀ ခန့်စစ်ကြောင်းမှာလည်း လမ်းတလျှောက်တွင် တော်လှန်ရေး တပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂၄ ဦး သေဆုံးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ခုနစ်ဦး ဒဏ်ရာရရှိထားကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ဇူလိုင်လ ၂၂ ရက်နေ့က မောချောင်းတွင် စခန်းချရပ်နားခဲ့ပြီး ကျင်ဒွေးမြို့သို့ ရောက်ရှိရန် ၁၄ မိုင်ဝန်းကျင်အကွာတွင်ရှိပြီး ဆက်လက်ထွက်ခွာလာနေကြောင်း သိရသည်။

CDF – Kanpetlet သည် ၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးအစမှ ယနေ့အထိ စစ်ကောင်စီတပ်၏ အကြမ်း ဖက်လုပ်ရပ်များကို ရွပ်ရွပ်ချွံချွံတွန်းလှန်နေသော ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ရေရှည်ရပ်နိုင်ရေးနှင့် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်နိုင်ရေးအတွက် မိဘပြည်သူများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အားပေး ကူညီမှုများလိုအပ်နေသဖြင့် ပံ့ပိုးပေးကြပါရန် တိုက်တွန်းထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

#ချင်းပြည်နယ်
#ကန်ပက်လက်မြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#CDF–Kanpetlet
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly