တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသိန်းဦးပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု သိရသည်။
“အပစ်ခံရတဲ့နေရာမှာပဲ ပွဲချင်းပြီး သေတယ်လို့သိရပါတယ်။ လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာမှာ ပစ်ခတ်ခံရတာပါ”ဟု ဒေသခံကပြောသည်။
၎င်းဒုဦးစီးမှူး ဆိုသူကို ဇူလိုင်လ ၂၁ ရက် ည ၈ နာရီခွဲ အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ ၂၂ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါပစ်ခတ်ခံရသူသည် စစ်ကောင်စီလက်အောက်ခံများနှင့်အတူ မလွဲတောင်ဂိတ်အပါအဝင် လမ်းတံတားစစ်ဆေးရေးဂိတ် အချို့တွင် ခရီးသွား ပြည်သူများထံမှ ငွေကြေးတောင်းခံရာ၌ ပါဝင်သူ တစ်ဦးဖြစ်၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု LLPDF အဖွဲ့ တာဝန်ရှိသူက ဆိုသည်။
“ကျွန်တော်တို့ သူ့ကို အခုလိုမျိုး ပြည်သူတွေဆီက ဆက်ကြေး ကောက်ခံတာတွေ မလုပ်ဖို့ အကြိမ်ကြိမ် သတိပေးထားတာပါ ရပ်တန့်ခြင်းမရှိတာကြောင့် အခုလိုလုပ်ရခြင်း ဖြစ်ပါတယ်”ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Launglone People Defence Force-LLPDF မှ ရဲဘော်တစ်ဦးက ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#ဒုဦးစီးမှူး
#ပစ်ခတ်မှု