ရွှေကူမြို့ တစ်ဖက်ကမ်း ကျေးရွာများအား စစ်ကောင်စီတပ် လက်နက်ကြီးနှင့် ပစ်ခတ်နေ

By KMN (မဇ္ဈိမ)
23 July 2023
ရွှေကူမြို့ တစ်ဖက်ကမ်း ကျေးရွာများအား စစ်ကောင်စီတပ် လက်နက်ကြီးနှင့် ပစ်ခတ်နေ
Photo - Google Map (ရွှေကူမြို့နယ်၊ မိုးစစ်ရွာ)

ကချင်ပြည်နယ် ၊ ရွှေကူမြို့နယ် ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ ကျေးရွာများအား ယနေ့ ဇူလိုင်လ ၂၃ ရက် မနက်ပိုင်းတွင် ရွှေကူမြို့ဘက်ခြမ်း၌  အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက လက်နက်ကြီးနှင့် ရမ်းသန်း ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်  ဇူလိုင်လ ၂ဝ ရက် ညနေ ၄ နာရီခန့်အချိန်က  ရွှေကူမြို့နယ် တစ်ဖက်ကမ်းရှိ  ဆင်တပ်ရွာအနီး၌  စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ဝ ဦးသေဆုံးကြောင်း Myo Hla PDF( မြို့လှ K-PDF) က သတင်းထုတ်ပြန်သည်။

ယင်းတိုက်ပွဲပြီးချိန်မှစကာ ဆင်တပ်ရွာ အနီးရှိ ရေလဲ၊ မိုးစစ် စသည့်ကျေးရွာများ အတွင်း စစ်ကောင်စီတပ်က ဆက်လက်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ရွှေကူဘက်အခြမ်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေကြောင်းသိရသည်။

"မနက်ထဲက တဂျိန်းဂျိန်းနဲ့ပစ်နေတာ အချက်မနည်းဘူး လျှပ်စစ်မီးလည်း ပျက်သွားတယ်" ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦး ကပြောသည်။

လက်ရှိတွင် ထိုကျေးရွာများအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေများကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။ 

ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇူလိူင် ၁၁ ရက်နေ့တွင် ရွှေကူမြို့ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။ 

ယင်းအပြင် ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲပိုင်းကလည်း ရွှေကူမြို့ရဲစခန်းကို ဒရုန်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး  ရဲစခန်းမှ ဧရာဝတီမြစ်တွင်း သွားလာနေသည့် စက်လှေတစ်စီးကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

လတ်တလောတွင်  ကချင်ပြည်နယ်၊ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်လျှောက်ရှိကျေးရွာများကို စစ်ကောင်စီ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀)မှ  ဗိုလ်မှူးကိုကိုနိုင် ဦးဆောင်သည့် အင်အား ၄၀ ကျော်ပါစစ်ကြောင်း နှင့်  ခမရ(၄၁၅) တပ်ရင်းမှူးထွန်းရန်နိုင် ၊ဒုတပ်ရင်းမှူး အောင်လင်းထွန်း တို့ ဦးဆောင်သော အင်အား ၆၀ ကျော်ပါ တပ်ရင်းနှစ်ရင်းက ထိုးစစ်ဆင်ခြင်း ၊ကျေးရွာသားများအားဖမ်းဆီးခြင်း ၊ နေအိမ်များအား မီးရိူ့ခြင်းများ ပြုလုပ်နေကြောင်း  မြို့လှ K-PDF က သတိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်များသည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ရွှေ
ကူမြို့နယ် စီသာကျေးရွာအုပ်စုရှိ ကျေးရွာ ၁၂ ရွာကို ၁၉ ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများကြောင့် ၎င်းကျေးရွာများက ပြည်သူအများစုမှာ ယခုချိန်ထိ စစ်ဘေးရှောင်နေရဆဲဖြစ်သည်။

 စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ရွှေကူမြို့ 
#လက်နက်ကြီးနှင့် ပစ်ခတ်

Photo - Google Map
(ရွှေကူမြို့နယ်၊ မိုးစစ်ရွာ)

#Mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly