ရွှေဘို ညောင်ပင်လှ ပျူစခန်းကို ၀င်စီးရာ စစ်ကောင်စီတပ်က ၉ ဦးသေပြီး သေနတ် ၃ လက်ရဟုဆို

By 007 (မဇ္စျိမ)
23 July 2023
ရွှေဘို ညောင်ပင်လှ ပျူစခန်းကို ၀င်စီးရာ စစ်ကောင်စီတပ်က ၉ ဦးသေပြီး သေနတ် ၃ လက်ရဟုဆို

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ ညောင်ပင်လှကျေးရွာရှိ ပျူစခန်းကို၊ ယနေ့ ဇူလိုင်လ ၂၃ ရက် နံနက် ၃ နာရီခန့်က ၀င်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ကိုးဦးသေဆုံးပြီး သေနတ်သုံးလက်နှင့် လက်နက်ခဲယမ်းအချို့ ရရှိလိုက်ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘိုမြို့နယ်ပကဖ)က သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင်  စစ်ကောင်စီတပ်သားများ သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိနိုင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင်  တိုက်ပွဲအတွင်း ကာဘိုင်နှစ်လက်၊ ကိုးလုံး တစ်လက်၊ ကိုးလုံကျည် ၂၅ တောင့်၊ ကာဘိုင်ကျည် ၂၀၉ တောင့်၊ ကျည်ဘောက် တစ်ခု၊ ချပ်၀တ်တန်ဆာ ခုနစ်ခုနှင့်၊ Huawei ဖုန်း တစ်လုံးတို့သိမ်း ဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုပျူစခန်းတွင် အင်အား ၃၀ ခန့်ရှိပြီး ယနေ့ မနက်တွင် မိနစ် ၂၀ ခန့်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားသည်ဟုလည်း ဒေသခံက ပြောသည်။ 

“   ဒီမနက် အစာကြီး ဝင်တိုက်တာ မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်ကြတယ်။ ရွှေဘိုမှာ ဒီမနက် ဆေးရုံကားသံတွေညံနေတာပဲ ” ဟု ၎င်းကဆိုသည်။ 

တိုက်ပွဲနှင့်ပတ်သက်၍ ရွှေဘိုမြို့နယ်ပကဖထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(Shwebo Justic Force)၊ ရွှေတောသားအဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ်(၃)ပကဖအဖွဲ့နှင့်၊ ဒီပဲယင်းမြို့နယ်ပကဖ Group 3(ဂဠုန်မင်းအဖွဲ့၊စံရှားအဖွဲ့၊ ဒေါင်းမင်းအဖွဲ့၊ သရဲကြီးအဖွဲ့၊ မတစ်ထောင်တစ် ကောင်ဘွားအဖွဲ့)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ညောင်ပင်လှ ပျူစခန်း
#၉ ဦးသေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly