စစ်ကောင်စီက ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူ ထုတ်ဝေမည်

By 001 (မဇ္စျိမ)
23 July 2023
စစ်ကောင်စီက ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူ ထုတ်ဝေမည်

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့မှစပြီး ထုတ်ဝေသွားမည်ဖြစ် ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါငွေစက္ကူကို အရေအတွက် အကန့်အသတ်ဖြင့်ထုတ်ဝေမည်ဖြစ်ပြီး လက်ရှိ လှည့်လည်သုံးစွဲနေ သည့်ငွေစက္ကူများအနက် ဟောင်းနွမ်းပြီး သုံးစွဲရန်မသင့်သောငွေစက္ကူအမျိုးအစားအသီးသီးတို့နှင့် တန်ဖိုး တူလဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေစက္ကူမှာ အစိမ်းနုရောင်ဖြစ်ပြီး အလျား ၁၅ စင်တီမီတာ၊ အနံ ၇ စင်တီမီတာရှိမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူသစ်၏ မျက်နှာစာဘက်အလယ်ပိုင်းတွင် ရတနာဆင်ဖြူတော်ပုံ ရိုက်နှိပ်ထား ပြီး ကျောဘက်တွင် စစ်ကိုင်းတံတားနှင့် ဧရာဝတီတံတား(ရတနာပုံ)အား ရိုက်နှိပ်ထားကာရွှေရောင်မှ အစိမ်းရောင်သို့ပြောင်းလဲသောလုံခြုံရေးကြိုးကို ဒေါင်လိုက်မြှုပ်နှံထည့်သွင်းထားကြောင်း သိရသည်။

ငွေစက္ကူအသစ်အား နေပြည်တော်တွင်တည်ထားသည့် ဗုဒ္ဓရုပ်ပွားတော်တည်ဆောက်ပြီးစီးမှု အထိမ်း အမှတ်နှင့် ဆင်ဖြူတော်၏ တနှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်က ဆိုထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

#ကျပ်၂၀,၀၀၀တန်
#ငွေစက္ကူသစ်
#ဗဟိုဘဏ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly