သားဖြစ်သူက မကြာမီ ဝန်ကြီးချုပ် ဖြစ်လာနိုင်ဟု ဟွန်ဆန် ပြော

By Gulf Times
22 July 2023
သားဖြစ်သူက မကြာမီ ဝန်ကြီးချုပ် ဖြစ်လာနိုင်ဟု ဟွန်ဆန် ပြော
Photo-EPA

ကမ္ဘောဒီးယားနိုင်ငံတွင် ဇူလိုင် ၂၃ ရက်၌ တစ်ဖက်သတ် ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလို၌ ကမ္ဘာ့အရှည်ကြာဆုံး အာဏာအုပ်စိုးသူ ဝန်ကြီးချုပ် ဟွန်ဆန်က သူ၏ အကြီးဆုံးသားနှင့် အရိုက်အရာ ဆက်ခံသူ ဟွန်မန်နက်သည် လာမည့်လ၌ တာဝန်ပုခုံးထမ်း ပြောင်းယူဖြစ်နိုင်သည်ဟု အရိပ်ပြပြောဆိုလာခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံအား ဆယ်စုနှစ် လေးစုနီးပါး အုပ်ချုပ်နေသည့် ဖခင်ဖြစ်သူ ဟွန်ဆန်ထံမှ အမေရိကန်နှင့် ဗြိတိန်တို့တွင် ပညာသင်ကြားခဲ့သည့် အသက် ၄၅ နှစ်အရွယ် ဟွန်မန်နက်က ရာထူးလွှဲပြောင်း ရယူနိုင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ထင်မြင်ယူဆထားခဲ့သော်လည်း မည်သည့်အချိန်တွင် လွှဲပြောင်းရယူမည်နည်းဆိုသည်ကို ယခင်က ပြောဆိုထားခြင်း မရှိပေ။

“သုံးပတ်နဲ့ လေးပတ်အတွင်း ဟွန်မန်နက်က ဝန်ကြီးချုပ် ဖြစ်လာနိုင်တယ်၊ သူ့ တတ်နိုင် မတတ်နိုင် အနေအထားပေါ် မူတည်တယ်”ဟု တရုတ် Phoenix TV နှင့် အင်တာဗျူးတစ်ရပ်၌ ဟွန်ဆန်က ပြောသည်။

အာဏာရှင်ဆန်‌သော ခေါင်းဆောင်နှင့် ခမာနီပြောက်ကျားတပ်သားဟောင်း ဟွန်ဆန်သည် လာမည့်လတွင် အသက် ၇၁ နှစ် ပြည့်မည် ဖြစ်သည်။

ကမ္ဘောဒီးယား ထိပ်တန်းဗိုလ်ချုပ်ကြီးများမှ တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ကိုယ်ရံတော်တပ် ခေါင်းဆောင်ဟောင်း ဟွန်မန်နက်သည် တနင်္ဂနွေနေ့ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ထွက်ပေါ်ထားခဲ့ပြီး ဖြစ်သည်။

အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) သည် ၎င်း၏ တစ်ခုတည်းသော ပြိုင်ဖက်ပါတီကို မှတ်ပုံတင် လုပ်ထုံးလုပ်နည်း မညီညွတ်ဆိုကာ ရွေးကောက်ပွဲ၌ ပိတ်ပင်ပြီးနောက် ယှဉ်ပြိုင်ကန့်ကွက်သူ မရှိသလောက်နီးပါးဖြင့် အနိုင်ကျိန်းသေနေသည်။

ဟွန်ဆန်သည် မီဒီယာများကို ထိန်းချုပ်ခြင်း၊ ဝေဖန်သူများကို ခြိမ်းခြောက်ခြင်းနှင့် အတိုက်အခံများကို ရာဇဝတ်မှု စွပ်စွဲချက်များဖြင့် စနစ်တကျ ဖြိုခွင်းခြင်းများ ရှိသည်ဟု စွပ်စွဲလျက် လူ့အခွင့်အရေးအုပ်စုများက ရွေးကောက်ပွဲကို ပယ်ချထားသည်။

အစိုးရကမူ ၎င်း၏ ပြိုင်ဖက်များအား ဖိစီးနှိပ်စက်ခြင်း မရှိကြောင်း ငြင်းဆန်သည်။

ပြိုင်ဖက်များအပေါ် ဖြိုခွင်းခြင်းသည် သားဖြစ်သူအား ချောမွေ့စွာ အာဏာလွှဲပြောင်းနိုင်ရေးအတွက် ရွေးကောက်ပွဲ တစ်ဖက်သတ် အနိုင်ရဖို့ ကျိန်းသေရန်အတွက် ပုံစံချစီစဉ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူ တော်တော်များများက ယုံကြည်ထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required