မြန်မာနိုင်ငံက စစ်ကောင်စီ လက်အောက်ခံ အမှတ် (၂ )သတ္တုတွင်းလုပ်ငန်းဌာန (ME 2)၊ စစ်ထောက်ချုပ်၊ စစ်ကောင်စီအဖွဲ့ဝင် နှစ်ဦးနှင့် စစ်ကောင်စီ ဝန်ကြီး သုံးဦးတို့အား အီးယူက ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်ခြင်းကို တက်ကြွလှုပ်ရှားရေအဖွဲ့ Justice For Myanmar က ကြိုဆိုလိုက်သည်။
ME 2 သည် စစ်ကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MONREC) လက်အောက်ရှိ နိုင်ငံပိုင် လုပ်ငန်း ငါးခုမှ တစ်ခုဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းချိန်မှစကာ စစ်ကောင်စီက တရားမဝင် ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ME 2 က စစ်ကောင်စီအတွက် ရန်ပုံငွေ အဓိကရင်းမြစ် ထောက်ပံ့နေပြီး ပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နိုင်အောင် စစ်ကောင်စီအတွက် ဘဏ္ဍာငွေ အထောက်အကူ ပြုနေသည်။
စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးများနှင့် မြန်မာနှင့် နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်းကာ တွင်းထွက်သတ္တုတူးဖော်ခြင်းများမှ အကျိုးအမြတ်ရရှိကာ စစ်ကောင်စီအတွက် ဘဏ္ဍာရင်းမြစ် ဖန်တီးပေးနေသည်။
အီးယူအနေဖြင့် MONREC လက်အောက်က စစ်ကောင်စီ ထိန်းချုပ်သော နိုင်ငံပိုင်လုပ်ငန်းများတွင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးနှင့် မြန်မာ့သစ်လုပ်ငန်းမှ လွဲ၍ အမှတ် (၁) သတ္တုတွင်းလုပ်ငန်းဌာန (ME 1 )အပါအဝင် လုပ်ငန်းဌာနအားလုံးကို ဒဏ်ခတ်ပိတ်ဆို့ထားပြီး ဖြစ်သည်။
အီးယူကသာ ယခုကဲ့သို့ ME 1 ရော ME 2 ကိုပါ ဒဏ်ခတ်ပိတ်ဆို့ထားပြီ ဖြစ်သော်လည်း ညှိနှိုင်းဆောင်ရွက်ခြင်း နည်းပါးမှုကြောင့် ယင်း လုပ်ငန်းဌာနများကို ဗြိတိန်၊ ကနေဒါနှင့် ဩစတြေးလျတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ မချမှတ်ရသေးပေ။ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းကိုမူ ဗြိတိန်၊ ကနေဒါနှင့် အမေရိကန်တို့က ဒဏ်ခတ်ပိတ်ဆို့ထားသော်လည်း အီးယူက ဒဏ်ခတ်ပိတ်ဆို့သေးခြင်း မရှိပေ။
Justice For Myanmar က အီးယူ၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျနှင့် ၎င်းတို့၏ မဟာမိတ်များအနေဖြင့် ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် MONREC လက်အောက်က နိုင်ငံပိုင် လုပ်ငန်းဌာနအားလုံးကို ဒဏ်ခတ်ပိတ်ဆို့ရန် တိုက်တွန်းထားသည်။ ထိုပြင် စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ အကြီးမားဆုံး ရရှိစေသော မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စစ်ကောင်စီ ထိန်းချုပ်ထားပြီး ၎င်းအတွက် နိုင်ငံခြားငွေ ရရှိစေကာ လက်နက်ဝယ်ယူနိုင်မှုတွင် အသုံးချနေသော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကိုပါ ဒဏ်ခတ်ပိတ်ဆို့ အရေးယူရန်လည်း တိုက်တွန်းသည်။
အီးယူသည် စစ်ကောင်စီ ဝန်ကြီး သုံးဦး၊ စစ်ကောင်စီအဖွဲ့ဝင်နှစ်ဦးနှင့် စစ်ထောက်ချုပ် ကျော်စွာလင်းတို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့သည်။
မြန်မာနိုင်ငံက စစ်ထောက်ချုပ်သည် စစ်တပ်၏ အကျင့်ပျက်ခြစားသော စီးပွားရေးလုပ်ဆောင်ချက်များတွင် အဓိကကျသည့် အခန်းကဏ္ဍ၌ ရှိပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ စစ်တပ်၏ အိမ်ခြံမြေများနှင့် လက်နက်၊ ပစ္စည်းကိရိယာနှင့် နည်းပညာများ ဝယ်ယူမှုတွင် ကွပ်ကဲရသည်။
စစ်ထောက်ချုပ်ရုံးသည် နိုင်ငံတကာ ကော်ပိုရေးရှင်းများနှင့် အေဂျင်စီများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ စီးပွားရေး လုပ်ဆောင်မှုများ ရှိထားသည်။ Y Complex အိမ်ယာစီမံကိန်းအတွက် ဂျပန်ကော်ပိုရေးရှင်းများဖြစ်သော Daiwa House Industries၊ Tokyo Tatemono၊ Japan Bank for International Cooperation(JBIC) နှင့် Japan Overseas Infrastructure Investment Corporation for Transport and Urban Development(JOIN) တို့နှင့် စီးပွားရေး ပူးပေါင်းလုပ်ဆောင်နေသည်။ LOTTE Hotel စီမံကိန်းအတွက် တောင်ကိုရီးယား ကော်ပိုရေးရှင်းများဖြစ်သော POSCO International နှင့် LOTTE Hotels & Resorts တို့နှင့် ပူးပေါင်းလုပ်ဆောင်သည်။
ကုမ္ပဏီအားလုံးနှင့် ပြည်သူပိုင်ဘဏ္ဍာရေးအဖွဲ့အစည်းအားလုံးအနေဖြင့် စစ်ထောက်ချုပ်ရုံးနှင့် ဆက်ဆံပတ်သက်မှုကို အားချင်း တာဝန်ရှိရှိ ဖြတ်တောက်ရန်လည်း Justice For Myanmar က တိုက်တွန်းသည်။
“Justice For Myanmar အနေနဲ့ အခု အီးယူရဲ့ ME 2၊ စစ်ထောက်ချုပ်နဲ့ အခြားစစ်ကောင်စီအဖွဲ့ဝင်တွေကို နောက်ဆုံး ဒဏ်ခတ်ပိတ်ဆို့တာကို ကြိုဆိုတယ်”ဟု ပြောခွင့်ရသူ ရတနာမောင်က ပြောသည်။
“ME 2 နဲ့ စစ်ထောက်ချုပ်တို့ဟာ မြန်မာစစ်တပ် စီးပွားရေးမှာ အဓိကျတဲ့ အခန်းကဏ္ဍမှာ ရှိတယ်၊ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲနိုင်ဖို့ စစ်ကောင်စီကို ရန်ပုံငွေ ဖြည့်သွင်းပေးနေတာ ဖြစ်တယ်၊ စစ်ကောင်စီက နေ့စဉ်နဲ့အမျှ ပြည်သူတွေကို သတ်ဖြတ်ရာမှာ သုံးနေတဲ့ ဗုံးတွေ၊ ကျည်ဆန်တွေနဲ့ လေယာဉ်ဆီတွေအတွက် ပေးချေနိုင်ဖို့ကို ကူညီပေးနေတာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
“အမေရိကန်၊ ဗြိတိန်၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်နေတာဟာ အရမ်းနှေးကွေးလွန်းပြီး ညှိနှိုင်းဆောင်ရွက်မှု မရှိဘူး၊ စစ်ကောင်စီရဲ့ ရန်ပုံငွေ၊ လက်နက်၊ ပစ္စည်းကိရိယာနဲ့ နည်းပညာတွေကို ဖြတ်တောက်ဖို့ ဒီ အစိုးရတွေနဲ့ သူတို့ရဲ့ မိတ်ဖက်တွေ ပိုပြီး လုပ်ဆောင်ကြဖို့ လိုအပ်တယ်”ဟု ရတနာမောင်က ပြောသည်။
“မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကိုပါ အမေရိကန်အတိုင်း ဒဏ်ခတ်ပိတ်ဆို့ဖို့ အီးယူကို တိုက်တွန်းတယ်၊ ဩစတြေးလျ၊ ကနေဒါ၊ ဗြိတိန်နဲ့ အမေရိကန်တို့အနေနဲ့လည်း အီးယူရဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားသလို လိုက်ပါလုပ်ဆောင်ဖို့နဲ့ MONREC လက်အောက်က နိုင်ငံပိုင် လုပ်ငန်းအားလုံးကို ဒဏ်ခတ်ပိတ်ဆို့ဖို့ တိုက်တွန်းတယ်”ဟု ၎င်းက ပြောခဲ့သည်။
(မိုးသဲ ဘာသာပြန်သည်။)