ရွှေကျင်- ဒုံဇရစ်လမ်းမကြီးပေါ် တိုက်ပွဲဖြစ် ၂ ဖက် ထိခိုက်မှုများပြား

By YT (မဇ္ဈိမ)
22 July 2023
ရွှေကျင်- ဒုံဇရစ်လမ်းမကြီးပေါ် တိုက်ပွဲဖြစ် ၂ ဖက် ထိခိုက်မှုများပြား
ဓါတ်ပုံ- KNLA ရဲဘော်တစ်ဦး (KNU-Doo Tha Htu District)

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာနှင့် စလူးချောင်းကျေးရွာအကြား ရွှေကျင်- ဒုံဇရစ် လမ်းမကြီးပေါ်တွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) တပ်ရင်း (၉) ​၏ ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်နှင့် ဒေသခံများထံက သိရသည်။ 

" အဲ့ဒီနေရာတွေက ရွှေကျင် တောင်ဘက်ခြမ်းခေါ်တာပေါ့၊ တိုက်ပွဲ မဖြစ်တာ နည်းနည်းကြာသွားပြီ၊ မနေ့က မနက် ၉ နာရီလောက်ကတည်းက စဖြစ်တာ၊ တိုက်ပွဲက ရွာထဲမှာ ဖြစ်တာမဟုတ်ဘဲ ရွှေကျင်- ဒုံဇရစ် ကနေ မွန်ပြည်နယ် ကျိုက်ထိုအထိ လမ်းပေါက်တဲ့ အဲ့ဒီ လမ်းမပေါ်မှာဖြစ်တာ" ဟု ဒုံဇရစ်ကျေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ရွှေကျင်- ဒုံဇရစ် လမ်းမကြီးပေါ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားများနှင့် တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၇)၊ တပ်ရင်း (၉)၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ပွဲသည် သုံးနာရီနီးပါး ကြာမြင့်ခဲ့ကြောင်း သိရသည်။ 

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ တောင်ငူလေတပ်စခန်းမှ တိုက်လေယာဉ် တစ်စီးဖြင့် မိနစ် ၂၀ နီးပါး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။ 

" စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၀ မိနစ် ပြုလုပ်ခဲ့တယ်။ စစ်ကောင်စီဘက်က ၃၀ ထက်မနည်းသေတယ်။ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း တစ်ဦးကျဆုံးပြီး ငါးဦးဒဏ်ရာရတယ်။ တိုက်ပွဲမှာ KNLA၊ ရင်း (၇) ပါတယ်၊ ရင်း (၉) ပါတယ်၊ PDF ရောပေါ့" ဟု တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ 

အဆိုပါ တိုက်ပွဲဖြစ်စဉ်အတွင်း အနီးပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်အထိုင်ချ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူမှု ရှိခဲ့ပြီး ဒေသခံများနေထိုင်ရာ ကျေးရွာ၊ နေအိမ်များသို့ ကျရောက်မှု မရှိခဲ့ကြောင်း၊ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ရခြင်း မရှိကြောင်း ဒုံဇရစ်ဒေသခံက ဆိုသည်။ 

" ဒုံဇရစ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းထုတာတွေရှိတယ်၊ ရွာကိုကျော်ပြီး ကော်ပတ်ခြံထဲ ကျတာရှိပါတယ်။ ဒေသခံတွေက တိမ်းရှောင်ရတာမျိုးတော့ မရှိဘူး။ အခုတော့ ရွှေကျင်- ဒုံဇရစ် လမ်းမကြီးကို ပိတ်ထားတယ်" ဟု ဒုံဇရစ်ကျေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

လက်ရှိတွင် ရွှေကျင်- ဒုံဇရစ် ကားလမ်းမကြီးပေါ်သို့ အသွားအလာ ခေတ္တကန့်သတ်ထားပြီး စစ်ကောင်စီတပ်က လမ်းသွားလမ်းလာများအား စစ်ဆေး၊ မေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ 

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ ညောင်လေးပင်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ​၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်း ပါဝင်ပြီး စစ်ကောင်စီတပ်သားများနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ 

အဆိုပါ မြို့နယ်များအတွင်း စစ်ကောင်စီ​တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံများ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှု မကြာခဏ ဖြစ်ပေါ်လေ့ရှိ၍ ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးမှု မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly