ရေဖြူမြို့ အလယ်စခန်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွား ၂ ဖက်ထိခိုက်သေဆုံးမှုရှိ

By ဂျူချန်း (မဇ္ဈိမ)
22 July 2023
ရေဖြူမြို့ အလယ်စခန်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွား ၂ ဖက်ထိခိုက်သေဆုံးမှုရှိ
ဓါတ်ပုံ- YGF (ပုံဟောင်း)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီးတွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား ဇူလိုင်လ ၁၈ ရက်မှစ၍ နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟု ရေးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“စစ်ကောင်စီတပ်ဖွဲ့က ခုထိပြန်မဆုတ်သေးဘူး၊ ကြားထဲမှာလည်း တိုက်ပွဲဖြစ်နေဆဲပဲဲ။ ဒီနေ့ဆိုရင် ငါးရက်မြောက်နေ့ရှိပြီ” ဟု YGF ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောခေတ်သစ်က မဇ္ဈိမကိုပြောသည်။

ဇူလိုင်လ ၁၈ ရက်တွင် အလယ်စခန်းကျေးရွာအနီးသို့ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိသည်ဟု ဆိုသည်။

ထိုတိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်သား ၃၅ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကာ ရေးပြောက်ကျားတပ်ဖွဲ့(YGF)မှ ရဲဘော်စောမွန်လေး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး KNLA တပ်ရင်း(၂၇) တပ်ခွဲ(၂) မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ရဲဘော်စောမွန်လေးသည် ဇူလိုင်လ ၁၉ ရက် နံနက် ၇နာရီတွင် ကျဆုံးခဲ့ကြောင်း YGF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောခေတ်သစ်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် တပ်ပြန်ဆုတ်သွားခြင်းမရှိဘဲ  ယနေ့ ဇူလိုင်လ ၂၂ ရက်အထိ  ဆက်လက်စစ်ကြောင်းထိုးနေပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

ဇူလိုင်၁၈ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၅ ဦး သေဆုံးခဲ့သည်ဟု မြေပြင်အချက်အလက်များအရ အတည်ပြုထားကြောင်း YGF ကဆိုသော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိ‌သေးပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက် ညပိုင်းတွင် ရေးမြို့နယ်တောင်ပိုင်း မလွဲတောင်အနီး (၁၄)မိုင်ကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို ရေးပြောက်ကျားတပ်ဖွဲ့(YGF)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ(၂) နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က စီးနင်းတိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင်လည်း ရေးမြို့နယ် တောင်ပိုင်း မလွဲတောင်အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် YGF တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required