ဖျူထိုင်းပါတီမှ ဝန်ကြီးချုပ် ဖြစ်လာရေး ရှေ့သို့ချီပါတီက ကျောထောက်နောက်ခံ ပြုမည်

ဖျူထိုင်းပါတီမှ ဝန်ကြီးချုပ် ဖြစ်လာရေး ရှေ့သို့ချီပါတီက ကျောထောက်နောက်ခံ ပြုမည်
Photo-AFP

ထိုင်းနိုင်ငံ မကြာသေးခင်က ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ပြုပြင်ပြောင်းလဲရေး ရှေ့သို့ချီပါတီမှ အကြီးအကဲဖြစ်သူကို စစ်တပ်နှင့် တော်ဝင်သစ္စာခံများက ဝန်ကြီးချုပ် မဖြစ်အောင် ပိတ်ဆို့လိုက်သည့်နောက်တွင် ရှေ့သို့ချီပါတီသည် ပြိုင်ဖက် ဖျူထိုင်းပါတီမှ ကိုယ်စားလှယ်လောင်းကို ဝန်ကြီးချုပ်ဖြစ်လာရေးအတွက် ကျောထောက်နောက်ခံပြုသွားမည်ဖြစ်ကြောင်း သောကြာနေ့က ပြောသည်။

ပါတီ၏ ဦးစားပေးသည် ဝန်ကြီးချုပ်နေရာ ရယူနိုင်ရေးမဟုတ်ဘဲ အရပ်သားအစိုးရ ပြန်တက်ရေးအတွက် ဖြစ်ကြောင်း စစ်တပ်နောက်ခံသည့် အုပ်ချုပ်ရေး ဆယ်နှစ်တာကို လှုပ်ယမ်းစေခဲ့သော လူငယ်နှင့် မြို့နေများ၏ ထောက်ခံမှု အပြည့်အဝဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ရှေ့သို့ချီပါတီက ဆိုသည်။

ပါတီ၏ ခေါင်းဆောင် ဖိထာ လင်ဂျာရွန်ရတ်သည် ပြီးခဲ့သည့် သီတင်းပတ်က ဝန်ကြီးချုပ်နေရာ မဲပေးမှု၌ အရေးနိမ့်ခဲ့ပြီးနောက် မေလ ရွေးကောက်ပွဲ၌ ဒုတိယအနိုင်ရသည့် ညွန့်ပေါင်းမိတ်ဖက် ဖျူထိုင်းပါတီမှ ကိုယ်စားလှယ်လောင်းကို လက်ရှိတွင် ထောက်ခံသွားမည်ဖြစ်ကြောင်း ပါတီက ဆိုသည်။

“အရေးကြီးဆုံးက ဖိထာ ဝန်ကြီးချုပ် ဖြစ်လာဖို့အတွက် မဟုတ်ဘူး၊ ဒါပေမဲ့ တကယ့်အရေးက ထိုင်းနိုင်ငံ ဒီမိုကရေစီနိုင်ငံ ပြန်ဖြစ်လာရေးပဲ”ဟု ရှေ့သို့ချီပါတီမှ အတွင်းရေးမှူးချုပ် ချိုင်တာဝတ် တူလာသွန်က ပြောသည်။

“ညွန့်ပေါင်း ရှစ်ပါတီမှာ ဖျူထိုင်းပါတီက အဓိက ပါတီဖြစ်လာဖို့ ရှေ့သို့ချီပါတီအနေနဲ့ လမ်းဖွင့်ပေးမှာ ဖြစ်တယ်”ဟု ချိုင်တာဝတ်က ပြောသည်။

“လာမယ့် လွှတ်တော်အစည်းအဝေးမှာ ဖျူထိုင်းပါတီက ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းကို ရှေ့သို့ချီပါတီက မဲပေးသွားမယ်၊ ဖျူထိုင်းပါတီတုန်းက ရှေ့သို့ချီက ကိုယ်စားလှယ်လောင်းကို မဲပေးခဲ့တဲ့အတိုင်းပဲ”ဟု ၎င်းက ဆိုသည်။

ရှင်နာဝတ်ထရာ နိုင်ငံရေးမိသားစု၏ ဩဇာရိပ်အောက် ရှိနေသည်ဟု ရှုမြင်ရသည့် ဖျူထိုင်းပါတီသည် လွှတ်တော်မဲပေးမှု မတိုင်ခင် ဗုဒ္ဓဟူးနေ့၌ ဝန်ကြီးချုပ်အတွက် ကိုယ်စားလှယ်လောင်းကို နာမည်စာရင်း တင်သွင်းမည်ဖြစ်သည်။

၂၀၀၆ နှင့် ၂၀၁၄ တွင် စစ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံရသော ဝန်ကြီးချုပ်နှစ်ဦးမှာ ဖျူထိုင်းပါတီမှ အဖွဲ့ဝင်များပဲ ဖြစ်ကြသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required