စုန်းချောင်းရွာကို စစ်တပ် စီးနင်းတိုက်ခိုက်၊အရပ်သားများအပါအဝင် ၁၂ဦးထက်မနည်း သတ်ဖြတ်ခံရဟုဆို

By ပါခွီး (မဇ္စျိမ)
21 July 2023
စုန်းချောင်းရွာကို စစ်တပ် စီးနင်းတိုက်ခိုက်၊အရပ်သားများအပါအဝင် ၁၂ဦးထက်မနည်း သတ်ဖြတ်ခံရဟုဆို
စစ်ကောင်စီတပ်မီးရှို့သွားသည်ဆိုသည့် ယင်းမာပင်မြို့မှကျေးရွာတစ်ရွာ  Photo/ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ စုန်းချောင်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက် ၂နာရီခန့်တွင် စီးနင်းတိုက်ခိုက်ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ပြည်သူ ခြောက်ဦးထက်မနည်းကို  သတ်ဖြတ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများအပြားသည်ယနေ့ ဇူလိုင်လ ၂၁ရက်နံနက် ၂နာရီခန့်တွင် စုန်းချောင်းကျေးရွာအတွင်းသို့ ရုတ်တရက်ဝင်ရောက်လာပြီး စီးနင်းတိုက်ခိုက်ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲ‌ ဘော်တစ်ဦးကပြောသည်။ သတ်ဖြတ်ခံရသူအရေအတွက်သည် ၁၂ဦးထက်မနည်းရှိကြောင်း ၎င်းက ပြောသည်။

" လောလောဆယ် သုံးလောင်းသင်္ဂြိုလ်ပြီးပြီ။နောက်ထက် ခြောက်လောင်း ကားနဲ့သွားသယ်နေပြီ။ နောက်ထပ် သုံးလောင်း ကျန်သေးတယ်။ သူတို့(စစ်ကောင်စီစစ်ကြောင်း) နား နီးလို့ မကပ်ရဲလို့နဲ့တူတယ်"ဟု စုန်ချောင်းရွာအနီးသို့ရောက်ရှိနေသည့် ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

လတ်တလောရရှိထားသော စာရင်းများအရ 
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဉီးနှင့် ပြည်သူခြောက်ဦးထက်မနည်းကို စစ်ကောင်စီက  သတ်ဖြတ်ပြီး အရပ်သားပြည်သူအချို့ကိုလည်း  ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။

စစ်ကောင်စီတပ်သည် စုန်းချောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး နေအိမ်များကို စာရင်းအတိအကျဖြင့်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ဒေသခံ ခုနစ်ဦးကိုလည်းဖမ်းဆီးသွားကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်က ယနေ့ နံနက်တွင် သတင်းထုတ်ပြန်ထားသည်။ဒေသခံများကို  ဓါတ်ပုံများနှင့် တကွ ဖမ်းဆီးခြင်းဖြစ်ပြီး ယင်းပုံများထဲတွင် မည်သူမည်ဝါပါဝင်ကြောင်းကိုမသိရှိရကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက်သည် ၁၄ဦးအထိ ရှိနိုင်ကြောင်း ပြည်‌ ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)က ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် ထုတ်ပြန်ထားသည်။ စုံချောင်းရွာ စီးနင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသူအရေအတွက်ကို မဇ္ဈိမက အသေးစိတ် စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် ယနေ့ နေ့လည်ပိုင်းတွင် စုန်းချောင်းရွာအနောက်ပိုင်းကို မီးရှို့ပြီး ပြန်လည်ထွက် ခွာသွားသော်လည်း ဒေသခံများသည် ရွာအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးသောကြောင့် အပျက်အစီးအဆုံးအရှုံးကို မသိရသေးကြောင်း  ယင်းမာပင်မြို့မှ ပြည်သူ့ကာကွယ် ရေးရဲဘော်အချို့က ပြောသည်။

စုန်းချောင်းရွာသည် ယခုအခါ စစ်ကောင်စီလက်အောက်တွင် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးတာဝန်ယူထားပြီး ယခင်က မြောက်ပိုင်းတိုင်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့ဖူးသော  ဗိုလ်ချုပ်မြတ်သက်ဦး၏ ဇာတိရွာဖြစ်ကြောင်းသိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required