ကလေးမြို့နယ် စစ်ရှောင်ကလေးငယ်များ သွေးလွန်တုပ်ကွေးအဖြစ်များနေ 

By ကိုခင်မောင် (မဇ္ဈိမ)
21 July 2023
ကလေးမြို့နယ် စစ်ရှောင်ကလေးငယ်များ သွေးလွန်တုပ်ကွေးအဖြစ်များနေ 
ဓာတ်ပုံ- People's Health Care Network Kalay

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးများတွင် သွေးလွန်တုပ်ကွေးအဖြစ်များနေသည်ဟု ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း(ကလေး) အဖွဲ့ ထံမှ သိရသည်။

“စစ်ရှောင်ကလေးငယ်တွေပါ ၊ နှစ်နှစ်ခွဲကနေ ၁၄ နှစ် ၊ ၁၅နှစ်အထိ အဖြစ်များနေပါတယ်။ သွေးလွန်တုပ်ကွေးအတွက် လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ရောဂါအဆင့်အလိုက် ကုသပေးနေရပါတယ်” ဟု ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း(ကလေး)မှ တာဝန်ခံ Dr. Josephက ဆိုသည်။

ဓာတ်ပုံ- People's Health Care Network Kalay

ပြီးခဲ့သည့် ဇွန်လ တစ်လအတွင်းမှာပင် သွေးလွန်တုပ်ကွေးဖြစ်ပွားကာ ဆေးရုံတက်ရောက်ကုသသူ ၃၀ ဦးဝန်းကျင်ရှိပြီး သွေးလွန်တုပ်ကွေး အလွန်ပြင်းထန်အဆင့်ထိ ရောက်ရှိသူ မတွေ့ရသေးကြောင်း Dr. Josephက ပြောသည်။

စစ်ရှောင်စခန်းများ၌ ခြင်ဆေးဖျန်းခြင်းများ လုပ်ဆောင်ပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကိုလည်း ပညာပေးဖြန့်ဝေခြင်းများ လုပ်ဆောင်ပေးနေသည်ဟု သိရသည်။

“လက်ရှိကုသရေးအတွက် ဆေးဝါးမလုံလောက်တာတွေနဲ့ ကြုံနေရပါတယ်” ဟု Dr. Josephကပြောသည်။

ဇွန်လ ၂၀ရက် နောက်ပိုင်းမှစ၍ ကလေးမြို့နယ်တွင် ကျန်းမာရေးတစ်စုံတစ်ခု ဖြစ်လာပါက လိုအပ်သည့်ဆေးဝါးကို အလွယ်တကူ ဝယ်ယူ၍ မရတော့ကြောင်း ၎င်းကရှင်းပြသည်။

ဓာတ်ပုံ- People's Health Care Network Kalay

ထို့အပြင် စစ်ကောင်စီတပ်နှင့် နီးစပ်သည့် စစ်ရှောင်နေရာအချို့သို့ ကျန်းမာရေးစောင့်ရှောက်သည့်အဖွဲ့အ‌ေနေဖြင့် လုံခြုံရေးအရ မသွားရောက်နိုင်သော်လည်း ပြည်သူများက စွန့်စားပြီး အချိန်မီ လာရောက် ပြသကြကြောင်း သိရသည်။

ကလေးမြို့နယ်အတွင်းက စစ်ရှောင်များအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း (ကလေး)သည် လတ်တလောအဖြစ်များနေသည့် ရာသီတုပ်ကွေးရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများအတွက် ဆေးဝါးမလုံလောက်သည့်ကြားက ကူညီဆောင်ရွက်ပေးနေရသည်ဟု သိရသည်။

ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း (ကလေး)သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွဲ့စည်းထားသည်ဟုလည်း သိရသည်။

ဓာတ်ပုံ- People's Health Care Network Kalay

ယင်းအဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ကူညီထောက်ပံ့ ပေးကြရန်လည်း  ဖိတ်ခေါ်ထားသည်။

လှူဒါန်းကူညီလိုသူများအနေဖြင့် https://www.facebook.com/peopleshealthcarenetworkkalay/ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူက  ပြောသည်။

စာတည်း - ဖူးသိမ်ကျ
စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly