အိန္ဒိယသည် ၂၀၇၅ ခုနှစ်တွင် ကမ္ဘာ့ ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာနိုင်

By KHALSA VOX:-
20 July 2023
အိန္ဒိယသည် ၂၀၇၅ ခုနှစ်တွင် ကမ္ဘာ့ ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာနိုင်

အိန္ဒိယနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး(ဂျီဒီပီ) သိသိသာသာ မြင့်တက်လာနိုင်ပြီး ၂၀၇၅ ခုနှစ်တွင် ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာနိုင်ကြောင်း Goldman Sachs သုတေသနအဖွဲ့က ပြုလုပ်သည့် မကြာသေးမီက လေ့လာမှုတစ်ခုတွင် ခန့်မှန်းထားသည်။ လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသည့် အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် အမေရိကန်ကို ကျော်တက်ကာ တရုတ်နောက်မှ ကပ်လိုက်ပြီး ဒေါ်လာ ၅၂ ဒဿမ ၅ ထရီလီယံထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ 

အိန္ဒိယအနေဖြင့် လူဦးရေတိုးလာမှု၏ အလားအလာကို အသုံးချရန် အရေးကြီးကြောင်း ယင်းသုတေသနအဖွဲ့မှ အိန္ဒိယဘောဂဗေဒပညာရှင် ဆန်တာနုဆန်ဂုပတာက အလေးပေးပြောကြားခဲ့သည်။ အဓိကအချက်မှာ လုပ်သားအင်အားစုအတွင်း ပိုမိုပူးပေါင်းပါဝင်မှုကို မြှင့်တင်ခြင်းနှင့် လေ့ကျင့်သင်ကြားရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးတို့တွင် ရင်းနှီးမြှုပ်နှံခြင်း တို့ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

 “လာမည့် ဆယ်စုနှစ် ၂ ခုဟာ အိန္ဒိယအတွက် မဟာအခွင့်အလမ်းတွေ ပေးနေပါတယ်၊ အန္ဒိယဟာ ဒေသတွင်းမှာ မှီခိုသူဦးရေအချိုးအစား အနိမ့်ဆုံး နိုင်ငံတွေထဲ ပါဝင်လာဖို့ မျှော်လင့်ပါတယ်။ ဒီလို အားသာချက်တွေကြောင့် အိန္ဒိယနိုင်ငံအနေနဲ့ ခိုင်မာတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ထူထောင်ဖို့၊ဝန်ဆောင်မှုကဏ္ဍတိုးတက်မှုကို အားပေးမြှင့်တင်ဖို့နဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်” ဟု ဆန်ဂုပတာက ပြောကြားခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံတွင် အလုပ်လုပ်နိုင်သည့်အရွယ် လူဦးရေနှင့် ကလေးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် မှီခိုသူဦးရေ အချိုးအစား မျှတကြောင်း ထိုအစီရင်ခံစာတွင် အလေးပေးဖော်ပြထားသည်။ လူဦးရေအရ အားသာချက်ရှိသော်လည်း စီးပွားရေးတိုးတက်မှု တည်တံ့ခိုင်မြဲစေရန် ယင်းအားသာချက် တစ်ခုတည်းကိုသာ မှီခိုအားထား၍ မရပေ။ အိန္ဒိယအနေဖြင့် ကမ္ဘာ့ ပဉ္စမအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်လာရန် ကြိုးပမ်းရာတွင် တီထွင်ဆန်းသစ်မှုနှင့် လုပ်သားများ၏ ကုန်ထုတ်စွမ်းအားမြှင့်တင်မှုတို့သည်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အိန္ဒိယစီးပွားရေးတွင် လုပ်သားနှင့် အရင်းအနှီး တစ်ခုချင်းစီ၏ ထုတ်လုပ်နိုင်စွမ်း အမြင့်ဆုံးရရှိရေး ဆောင်ရွက်ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ 

ရင်းနှီးမြှုပ်နှံမှုသည် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အဓိကမောင်းနှင်အားဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် အလေးပေးဖော်ပြထားသည်။ လူဦးရေအချိုးအစား အားသာချက်အပြင်   မှီခိုသူဦးရေ အချိုးအစား ကျဆင်းလာခြင်း၊ ဝင်ငွေတိုးလာခြင်းနှင့် ဘဏ္ဍာရေးကဏ္ဍ တိုးတက်ခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံ၏ ငွေကြေးစုဆောင်းမှုနှုန်း မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။ ဤအချက်များကြောင့် ကဏ္ဍအသီးသီးတွင် နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်မည့် အရင်းအနှီးများ ပိုမိုရရှိလာနိုင်မည် ဖြစ်သည်။ 

မကြာသေးမီနှစ်များအတွင်း စီးပွားရေးတိုးတက်မှုရရှိရန် အခြေခံအုတ်မြစ်ချလျက်ရှိသည့် အိန္ဒိယအစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို ယင်းအစီရင်ခံစာတွင် ချီးမွမ်းထားသည်။ ထို့ပြင် ပုဂ္ဂလိက ကော်ပိုရေးရှင်းများနှင့် ဘဏ်များ၏ ကောင်းမွန်သော လက်ကျန်ငွေစာရှင်းတမ်းများကြောင့် ပုဂ္ဂလိကကဏ္ဍ ငွေလုံးငွေရင်း အသုံးစရိတ်လည်ပတ်မှုအတွက် အခြေအနေကောင်းကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် အိန္ဒိယအနေဖြင့် လူဦးရေများပြားမှုကို ထိထိရောက်ရောက် အသုံးချရန် လိုအပ်ကြောင်း ထိုအစီရင်ခံစာ တွင် အထူးသတိပေး ဖော်ပြထားသည်။ အိန္ဒိယ၏ လူဦးရေဆိုင်ရာ အားသာချက်သည် အခွင့်အလမ်းတစ်ခု ဖြစ်သည်မှာ သံသယဖြစ်စရာမလိုသော်လည်း လုပ်သားအင်အားပါဝင်မှုနှုန်းကို တိုးမြှင့်ပြီး  အကျိုးရှိရှိ အသုံးချရန်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ 

တိုးတက်လာသော လုပ်သားအင်အားအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် လေ့ကျင့်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များကို တစ်ပြိုင်နက် ပံ့ပိုးပေးရန် အရေးကြီးသည်။ ဤသို့ဆောင်ရွက်လျှင် လုပ်သားအင်အားပါဝင်မှုနှုန်းကို မြှင့်တင်ပေးနိုင်ရုံသာမက အိန္ဒိယနိုင်ငံ၏ တိုးတက်မှု အလားအလာကိုပါ မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အိန္ဒိယ၏ လူဦးရေအပြောင်းအလဲသည် အခြားအာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပို၍နှေးကွေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ သေဆုံးမှုနှုန်းနှင့် ကလေးမွေးဖွားမှုနှုန်း နှေးကွေးကျဆင်းခြင်းတို့သည် အိန္ဒိယနိုင်ငံအတွက် ထူးခြားသည့်အချက်ဖြစ်သည်။

အိန္ဒိယအနေဖြင့် လုပ်သားအင်အားပါဝင်မှုနှုန်း တိုးတက်မှုမရှိပါက ၎င်း၏ မဟာအခွင့်အရေးကြီးကို လက်လွှတ်ရနိုင်ကြောင်း အစီရင်ခံစာက သတိပေး နိဂုံးချုပ်ထားသည်။ လွန်ခဲ့သည့် ၁၅ နှစ်အတွင်း အိန္ဒိယနိုင်ငံတွင် လုပ်သားအင်အားပါဝင်မှုနှုန်း ကျဆင်းခဲ့ပြီး အထူးသဖြင့် အမျိုးသမီး ပါဝင်မှုနှုန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။ အခွင့်အလမ်းများ အထူးသဖြင့် အမျိုးသမီးများအတွက် အခွင့်အလမ်းများကို မြှင့်တင်ခြင်းဖြင့်  အိန္ဒိယနိုင်ငံ၏ လုပ်သားအင်အား ပါဝင်မှုနှုန်းကို တိုးတက်လာစေနိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှု အလားလာကို အပြည့်အဝ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly