နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၀ ဇူလိုင် ၂၀၂၃)

By မဇ္ဈိမ 
20 July 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၀ ဇူလိုင် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    “မမများနဲ့ပွဲကမယ်” အစီအစဥ် ၄ ခုကနေ ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၁.၉၈ သန်း လက်ခံ ရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၉ ရက်က အသိပေး ထုတ်ပြန်ထားသည်။
•    အကြမ်းဖက် စစ်ကောင်စီရောင်းချနေသည့် ငွေတိုက်စာချုပ်များ ဝယ်ယူနေခြင်းသည် အကြမ်းဖက်စစ်ကောင်စီကနေ ပြည်သူများကို အကြမ်းဖက်မှုများ ကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခြင်း ဖြစ်သည့်အတွက် အဆိုပါကိစ္စတွင် ပါဝင်ပတ်သက်သည့် သူဌေးများ နှင့် စီးပွားရေး လုပ်ငန်းများ တာဝန်ခံရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြုပ်နှံမှုရေးရာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
•    ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၏ “Return of Salmons” Acrylic ပန်းချီကား လေလံ ဈေးနှုန်းမှာ USD $ 6300 ရရှိထားသည်ဟု ရိုးမခေါ်သံက သိရသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်က ဒုဥက္ကဋ္ဌ နှင့် ဒါရိုက်တာအဖွဲ့ဝင် နှစ်ဦး ခန့်အပ်လိုက်ပြီး ကြားကာလဗဟိုဘဏ်၊ ဒါရိုက်တာအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင် ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒပြန်လည်သုံးသပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို ဇွန် ၁၉ ရက်၊ နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့သည်။
•    အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲကို ဇူလိုင် ၂၀ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ဇူလိုင် ၁၄ ရက်ကနေ ၁၇ ရက်ထိ ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၈ ဦး သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာအပေါ် “ပိုမို ပြင်းထန်သော” ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်ပြီး စစ်တပ်ထံ လေယာဉ်ဆီ မရောက်ရှိစေရန် ပိတ်ပင် ကန့်သတ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သည့် ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက Sky News သတင်းဌာနကို ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင် ၂၀ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက ဇူလိုင် ၂၀ ရက်၊ နံနက်ပိုင်းက ချီတက် သပိတ်မှောက်ခဲ့ ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကန်ရွာ နှင့် တကန်သာကျေးရွာကြားတွင် စစ်ကူလာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ဇူလိုင် ၁၇ ရက်၊ ညနေ ၆ နာရီခန့်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပြန်တမ်းဝင် အရာရှိအပါအဝင် အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Black Wolf – Army တပ်ဖွဲ့ထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ် ရဲစခန်းကို ဇူလိုင် ၁၉ ရက်၊ နံနက် ၉ နာရီခန့်က အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း Bagan Ogre Force PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို ယနေ့ ဇူလိုင် ၂၀ ရက်၊ နံနက် ၈ နာရီကျော်ခန့်က စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ခင်ဦး မြို့ နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သက်ပေးရွာကို ဇူလိုင် ၁၉ ရက်၊ နံနက်ပိုင်းက စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘို - မန္တလေး လမ်းမကြီးပေါ်တွင် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်၍ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက သတိပေးသည်။
•    မန္တလေး ရတနာပုံတက္ကသိုလ်ရှေ့တွင် ကင်းစောင့်နေသော စစ်ကောင်စီ တပ်သားများအား ဇူလိုင် ၁၉ ရက်၊ ညနေပိုင်းက အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အသံမိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း Dutiful Citizens Team (DCT) တာဝန်ရှိသူထံက သိရသည်။
•    မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြိုနယ်၊ နနွင်းတော်ဘိုး ကျေးရွာသို့ ဝင်ရောက်ပြီး ပြည်သူလူထု ထံငွေကြေးတောင်းခံနေသော အကြမ်းဖက် စစ်သားများကို ဇူလိုင် ၁၆ ရက်၊ ညနေပိုင်းက ၂ ကြိမ်ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
•    မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ သရက်ကွပျူစောထီးကျေးရွာကို ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀ နာရီခန့်က အီနာဂါဗုံးသီး ခြောက်လုံးချပြီး တိုက်ခိုက်ခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်သည်။
•    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာရွာမ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို ဇူလိုင် ၁၉ ရက်၊ နံနက် ၅ နာရီခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၁၁ ဦး သေဆုံးခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
•    တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်လမ်းပိုင်းတွင် ဇူလိုင် ၁၇ ရက်၊ နေ့လယ်ပိုင်းက အကြမ်းဖက် စစ်ကားတစ်စီးကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ကြောင်း သရက်ချောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
•    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ တနင်္သာရီ-မောတောင် လမ်းပိုင်းတွင် ယခု ဇူလိုင် ၁၅ ရက်ကစ၍ ၁၉ ရက်အထိ ငါးရက် ဆက်တိုက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က အထိနာပြီး နှစ်ဖက်စစ်ရေး ပြန်လည်ငြိမ်သက်နေကြောင်း ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရသည်။
•    ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း ဟောင်း ပေါ်ရှိ KTV တစ်ခုသို့ ရောက်ရှိနေသည့် ရဲတပ်ကြပ်နှင့်အဖွဲ့အား သွားရောက် ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ဇူလိုင် ၁၉ ရက်က သတင်းထုတ်ပြန်ထားသည်။
•    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် စစ်ကောင်စီတပ်၏ အမတ (၃၁၀) က အရပ်သားတစ်ဦးအား ဇူလိုင် ၁၈ ရက်၊ နံနက်ပိုင်းက တပ်တွင်းသို့ခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
•    အကြမ်းဖက် စစ်တပ်က ဒိုက်ဦး (ကျိုက်ဇကော) ထောင်က ပျောက်ဆုံး နိုင်ငံရေး အကျဉ်းသား များ၏ မိသားစုများထံကို တစ်ရက်ချင်းစီအလိုက် သေဆုံးကြောင်း အကြောင်းကြားစာ ပို့‌နေ သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၁၉ ရက် က ထုတ်ပြန်လိုက်သည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာကို ဇူလိုင် ၂၀ ရက်၊ နံနက် ၆ နာရီကျော်ခန့်က စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၂၀ ကျော်ကို မီးရှို့ကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၍ ပြည်သူ ၁၇ ဦးကို ဖမ်းဆီးသွားကြောင်း KNLA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ဇူလိုင် ၁၆ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ၄ ရက်တာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်း နှင့် ရိက္ခာအကူအညီပေးကြ ရန် ပြည်သူများကို CDF ကန်ပက်လက်က မေတ္တာရပ်ခံ လိုက်သည်။
•    မလေးရှားနိုင်ငံ ၊ ပီနန်းဘာတာဝတ်မြို့ PDO ပီနန် အလှုရှင်များအသင်းမှ  (PDF) ပြည်သူ့ ကာကွယ်ရေး တပ်မတော်ကို ထောက်ပံနိုင်ရန်အတွက် ကျင်းပပြုလုပ်သည့် ရန်ပုံငွေ ဖူဆယ် ဘောလုံးပြိုင်ပွဲမှ ကောက်ခံရရှိငွေ ကျပ် ၁၄ သိန်းအား ကရင်နီဒီမိုကရက်တပ်ဦး (Karenni Democratic Front - KDF) သို့ ထောက်ပံခဲ့ကြောင်း သိရသည်။
•    အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေးကို အနှောင့်အယှက်ဖြစ်စေသော လှုပ်ရှားမှုများမှ ရှောင်ကြဉ်ရန် ချင်းလူမျိုးတစ်ဦးချင်း နှင့် အဖွဲ့အစည်းများကို အားပေးတိုက်တွန်းကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)က ထုတ်ပြန်သည်။
စစ်ကောင်စီ
•    ဇူလိုင်လကုန်တွင် ကုန်ဆုံးမည့် အရေးပေါ်ကာလကို သက်တမ်း ထပ်တိုးမတိုးကို အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဇော်မင်းထွန်း၏ ပြောဆိုချက်ကို ကိုးကားပြီး ဘီဘီစီသတင်းဌာနတွင် ဖော်ပြထားသည်။
•    အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့်‌ ဒေါ်လာဝင်ငွေရလမ်း နည်းလာနေသည့် အကြမ်းဖက်စစ်တပ်က စက်သုံးဆီ လုပ်ငန်းရှင်များကို ဇူလိုင် ၂၂ ရက်တွင် အထူးအစည်းအဝေး ခေါ်ယူထားကြောင်း သိရသည်။
•    ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အသက် ၅ နှစ်အောက်ကလေးငယ်များတွင် ကာကွယ်ဆေး နှင့် ကာကွယ်လို့ရသည့် ရောဂါများ မဖြစ်ပွားစေရေးအတွက် ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မား အောင် ဆောင်ရွက်နေသည်ဟု စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ဇူလိုင် ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ပြည်သူ့ ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံရာတွင် ပြောသည်။
•    မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းလိုင်စင်များ လိုင်စင်သက်တမ်း မကုန်ဆုံးခင် အနည်းဆုံး တစ်လထက် နောက်မကျဘဲ သက်တမ်းတိုး ဆောင်ရွက်ခြင်း မရှိပါက လုပ်ငန်းလိုင်စင် ပယ်ဖျက် သွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက သိရသည်။
•    ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် ကနေ ဇူလိုင် ၇ ရက်အထိ ၃ လကျော်က ာလအတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန် သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ နီးပါး ရှိသည်ဟု စစ်ကောင်စီ လက်အောက်ခံ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။
•    ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ မှ ဇွန်လကုန်အထိ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ခန့်မှန်းတန်ဖိုး ငွေကျပ် (၆၂) ဘီလီယံ နီးပါးရှိကြောင်း စစ်ကောင်စီလက်အောက်ခံ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၏ ပြောကြားချက်အရ သိရသည်။
•    ပြည်တွင်း စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်ရန်အတွက် မတည်ငွေရင်း ကျပ်ဘီလီယံ (၅၀) ရရှိထားကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူးက နိုင်ငံပိုင်သတင်းဌာနသို့ ပြောသည်။
•    ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ဇူလိုင် ၁၈ ရက်၊ ညပိုင်းက မိုင်းခွဲဖျက်စီးခံရမှုကြောင့် ခရီးသည် ၁၅၀၀ ခန့် ခရီးစဉ်ကြန့်ကြာမှုဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဇူလိုင် ၂၀ ရက် သုံးသပ်ချက်
•    အမေရိကန် နှင့် အနောက်နိုင်ငံများ၏ စီးပွားရေးဆန်ရှင်ပိတ်ဆို့မှုကြောင့် ဒေါ်လာဝင်ငွေရလမ်း နည်းလာနေသည့်အတွက် စစ်ကောင်စီက ပြည်ပကနေ စက်သုံးဆီ လျှော့ချတင်သွင်းရန် စီးပွားရေး လုပ်ငန်းရှင်များကို ခေါ်ယူထားပြီး ဖိအားပေး အကျပ်ကိုင်ရန် လုပ်ဆောင်နိုင်ဖွယ် ရှိသည်။
•    စစ်ကောင်စီ၏ ငွေတိုက်စာချုပ်ဝယ်ယူနေသည့် စီးပွားရေးလုပ်ငန်းရှင်များကို အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ပြောဆိုလာသည့်အတွက် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင် နေသည့် စီးပွားရေးလုပ်ငန်းရှင်များကိုပါ ပိတ်ဆို့အရေးယူလာဖွယ်ရှိနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly