အိန္ဒိယတွင် မြေပြိုမှုကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၁၀၀ ကျော် ပိတ်မိနေဖွယ်ရှိ

အိန္ဒိယတွင် မြေပြိုမှုကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၁၀၀ ကျော် ပိတ်မိနေဖွယ်ရှိ

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာ ပြည်နယ်ရှိ ကျေးရွာတစ်ခုတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မြေပြိုမှု ဖြစ်ပွား၍ ရွာသား ၁၀ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် လူ ၁၀၀ ကျော် ပိတ်မိနေဖွယ် ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

ဇူလိုင် ၂၀ ရက်တွင် ကယ်ဆယ်ရေးလုပ်သားများသည် ဆိုးဝါးသော ရာသီဥတုနှင့် ခက်ခဲကြမ်းတမ်းသည့် မြေပြင်အနေအထားတို့ကို ရင်ဆိုင်လျက် ပိတ်မိပျောက်ဆုံးနေသူများကို ရှာဖွေရန် ကြိုးပမ်းလျက် ရှိသည်။

ပြီးခဲ့သည့် ရက်များအတွင်း အပူချိန်လွန်ကဲမှု၊ တောမီးများလောင်ကျွမ်းမှု၊ မိုးကြီးမှုနှင့် ရေကြီးမှုများကြောင့် ကမ္ဘာတစ်ဝန်း ကသောင်းကနင်း အခြေအနေများကို ဖြစ်စေခဲ့ပြီး ရာသီဥတု ပြောင်းလဲမှု အရှိန်အဟုန်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်စေသည်။

မွမ်ဘိုင်းမြို့မှ ကီလိုမီတာ ၆၀ ခန့်အကွာ၊ မဟာရက်ရှ်ထရာပြည်နယ်၏ ဝေးလံသော အာရှယ်ဝါဒီ ကျေးရွာ၌ ညလယ်ပိုင်းတွင် မြေပြိုမှုဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
အလောင်း ၁၀ လောင်းကို ပြန်ရှာတွေ့ပြီး လူ ၈၀ ကျော်ကို ကယ်ဆယ်ထားနိုင်ခဲ့သည်။

ထို ကျေးရွာတွင် လူ ၂၂၅ ဦးထက်မနည်း နေထိုင်သည်ဟု ခန့်မှန်းရကြောင်း ပြည်နယ်၏ ဒုဝန်ကြီးချုပ် မစ္စတာ ဒီဗန်ဒရာ ဖက်နာဗစ်က ပြည်နယ်လွှတ်တော်ကို ပြောသည်။ မြေပြိုမှုဖြစ်ပြီး အပျက်အစီး အစုအပုံများအောက်တွင် လူ ၁၀၀ ကျော် ပိတ်မိနေဖွယ် ရှိသည်။

ကယ်ဆယ်ရေးသမားများသည် မြေပြိုမှုဖြစ်ရာ နေရာသို့ ရောက်ရှိရန် နှစ်နာရီ နီးပါးကြာ ၎င်းတို့၏ ပစ္စည်းကိရိယာများနှင့်အတူ ခရီးကြမ်းသွားကြရသည်။ တချို့သည် အနံ့ခံခွေးများကိုပါ တစ်ပါတည်း ခေါ်လာကြသည်။

“တချို့နေရာတွေမှာ အပျက်အစီး အစုအပုံတွေက ၁၀ ပေကနေ ပေ ၃၀ နီးပါးလောက်အထိ နက်ပါတယ်” ဟု ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးအဖွဲ့မှ အရာရှိတစ်ဦးဖြစ်သည့် မစ္စတာ အက်စ် ဘီ ဆင်းဂ်က ပြောသည်။

“ဒီနေရာကို စက်ယန္တရားကြီးတွေ ရောက်ဖို့က မလွယ်လှဘူး။ ဒီကို ရောက်ဖို့ ၂ ဒသမ ၈ ကီလိုမီတာလောက် ခရီးကြမ်းနှင်မှ ရောက်ပါတယ်။ အပျက်အစီးတွေကို လက်နဲ့ပဲ ဖယ်ရှားကြရတယ်။ ဒါက အချိန်အတော်ကြာဖွယ် ရှိတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် နှစ်နှစ်အကြာက အနီးအနား ကျေးရွာတစ်ခုတွင်လည်း မြေပြိုမှုတစ်ခုကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့ရသည်။

10 dead, more than 100 feared trapped in landslide in India after heavy rain
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly