ဆန်နှင့်ဆီအပါအ၀င် စားသောက်ကုန်စျေးနှုန်းများ ဆက်တိုက်မြင့်တက်နေမှုကြောင့် အိမ်ရှင်မများ အခက်ကြုံနေရ 

By ရောင်နီ (မဇ္စျိမ)
20 July 2023
ဆန်နှင့်ဆီအပါအ၀င် စားသောက်ကုန်စျေးနှုန်းများ ဆက်တိုက်မြင့်တက်နေမှုကြောင့် အိမ်ရှင်မများ အခက်ကြုံနေရ 
ပုံစာ - ရန်ကုန်မြို့ရှိ ရပ်ကွက်စျေးတစ်ခုတွင် စျေးရောင်းစျေး၀ယ်ပြုလုပ်နေကြပုံ။ (ပုံ-အဟောင်း)

ဆန်၊ ဆီ စသည့် အခြေခံစားသောက်ကုန်များအပါအ၀င် ကုန်စျေးနှုန်းများ ဆက်တိုက်မြင့်တက် နေခြင်းကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း အိမ်ရှင်မများနှင့်ပြည်သူများက မဇ္စျိမကိုပြော သည်။

အာဏာသိမ်းကာလ နှစ်နှစ်ကျော်ကြာလာပြီဖြစ်သည့်စစ်ကောင်စီကို နိုင်ငံတကာမှပိတ်ဆို့ အရေးယူမှု များ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ ယင်းကဲ့သို့ပိတ်ဆို့မှုများကြောင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာ ခြင်း၏နောက်ဆက်တွဲအဖြစ် ပြည်တွင်း၌ ကုန်ပစ္စည်းစျေးနှုန်းများ တစထက်တစမြင့်တက်လာခဲ့ခြင်းဖြစ် သည်။

“လက်ရှိကုန်စျေးနှုန်းက မနေ့ကနဲ့ ဒီနေ့တောင် မတူဘူး။ စျေးသည်တွေတောင် ဒိုင်ကယူစျေးနဲ့ ပြန်ရောင်း တဲ့စျေးမမျှလို့ မရောင်းနိုင်ကြဘူး။ ၀ယ်စားသူတွေကလည်း ပိုက်ဆံကို ချိန်ပြီး၀ယ်နေကြရတယ်” ဟု ကြည်မြင့်တိုင်မြို့နယ်မှ အိမ်ရှင်မတဦးက ပြောသည်။

ရပ်ကွက်စျေးများတွင် ဆန်၊ ဆီ စသည့် အခြေခံစားသောက်ကုန်များအပြင် အသားငါးစျေးနှုန်းများလည်း တရိပ်ရိပ်မြင့်တက်နေကာ အိမ်ရှင်မများအနေဖြင့် စျေး၀ယ်ရာတွင် ချိန်ဆကာ၀ယ်ယူနေကြရကြောင်း ဆိုသည်။ 

သာကေတမြို့နယ်တွင်နေထိုင်သူတဦးက “တဖြည်းဖြည်းချင်း မသိမသာ စျေးတက်နေတာ။  ကြက်ဥ ဘဲဥဆို နှစ်ဆလောက် တက်တယ်။  ဆန်နဲ့ဆီတွေလည်း စျေးတက်တယ်။ အခုဆို ဆန်အကြမ်းတောင် ၄၀,၀၀ ကျော်နေပြီ။ ဂျင်းဆို တစ်ဆယ်သား ၁၂၀၀ ဖြစ်သွားပြီ” ဟု ပြောသည်။ 

ယခင်က တပတ်လျှင် စျေးဖိုး ၃၀၀,၀၀ ကျပ်သာ ကုန်ကျသော်လည်း ယခုအခါ စျေးဖိုးအနေဖြင့် တရက် လျှင် ၁၀၀,၀၀ ခန့် သုံးစွဲနေရကြောင်း ၎င်းက ဆိုသည်။

 “ တစ်ရက် ၁၀,၀၀၀ ဆိုတာတောင် လေးယောက်လောက်ပဲ အများဆုံးစားလို့ရတယ်။ ဆန်တွေ ဆီတွေ ၀ယ်တာမပါဘူး။ ဟင်းစားကိုပဲပြောတာ။ ဒါတောင် ကြက်သား၊ ၀က်သားပဲ စားလို့ရမှာ။ ပုဇွန်သာ၀ယ် စားရင် တစ်ရက် ၁၀,၀၀၀ တောင် မလောက်ဘူး၊ အရင်က ၁၀,၀၀၀ ဖိုး၀ယ်ရင် ဟင်းစားနှစ်ရက်စာ ရတယ်” ဟု လည်း ပြောသည်။

ထို့သို့ ကုန်စျေးနှုန်းကြီးမြင့်လာမှုများကြောင့် နေ့စဥ် မီးဖိုချောင်စရိတ်အတွက်သာ ငွေကို ချိန်ဆသုံးစွဲနေရ ပြီး အခြား လူမှုရေးကိစ္စများတွင် လစ်ဟင်းမှုများရှိလာကြောင်း ဆိုကြသည်။

“ကုန်စျေးနှုန်းတွေတက်တော့ စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့အတွက် လူမှုရေးတွေလည်း ပျက်ကွက်မှု တွေ ရှိလာတယ်။ အလှုအတန်းတွေ၊ မင်္ဂလာဆောင်တွေ၊ နာရေးတွေမှာတောင် ငွေထောက်ပံ့နိုင်ဖို့က ခက်ခဲလာနေပါတယ်။ လူတွေက တော်တော်ကို အဆင်မပြေဖြစ်နေကြတာပါ” ဟု တောင်ဥက္ကလာပမြို့ နယ်တွင် နေထိုင်သူ အမျိုးသမီးတဦးက ပြောသည်။

ထို့ပြင် အိမ်အတွက် အခြား အထွေထွေအသုံးစရိတ်များလည်းရှိနေခြင်းကြောင့် မိသားစုတစုတွင် လစဥ် ထွက်ငွေသည် ၀င်ငွေထက် ပိုမိုများပြားနေကြောင်းလည်းလည်း ညည်းတွားနေကြသည်။

“ ၀င်ငွေကနည်းပြီး ထွက်ငွေကများနေတာ။ တိုက်ခန်းနဲ့နေတော့ မြေဖိုးရေဖိုးတွေရှိတယ်။ မီးကလည်း ပုံမှန်သာမလာသာ မီတာခကတော့မလျော့ဘူး။ အရင်ကတော့ ပေပြီးမဆောင်ပဲနေပေမယ့် အခုက မဆောင်ဘဲ နေလို့မရဘူးလေ” ဟု ကြည်မြင့်တိုင်မြို့နယ်မှအိမ်ရှင်မတဦးက ပြောသည်။

ရန်ကုန်မြို့၌  အခြေခံစားသောက်ကုန်စျေးနှုန်းအပြင်  အခြား လူသုံးကုန်ပစ္စည်းများလည်း ဆက်တိုက် ဈေးတက်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ 

ထို့ပြင်  ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် မော်တော်ယာဥ်လိုင်းများသည် ခရီးစဥ်အကွာအဝေးအလိုက် စျေးနှုန်းတိုးမြှင့်ကောက်ခံမှုများလည်း ရှိနေသည်။

“ အရင်က မြို့တွင်းလိုင်းကားခက ၁၀၀၊ အခုဆို ၂၀၀ ပေးရတယ်။ ခရီးစဥ်ရှည်တဲ့ ဘတ်စ်ကားတွေဆို ၄၀၀ ကနေ ၅၀၀ အထိပေးရတာတွေရှိတယ်။ နှစ်ဆတွေ တက်ကုန်တာ။ City Mart က စားနေကြမုန့် တွေတောင် သွား၀ယ်တိုင်းတက်နေတာ။ အရင်ကတော့ လတိုင်းစားနိုင်ပေမယ့် အခုကျတော့ စားဖို့ကို ပြန်တွေးနေရတယ်။ ၀င်ငွေကတက်မလာဘဲနဲ့ ကုန်ပစ္စည်းစျေးနှုန်းတွေတက်လာတော့ အလိုလို ချွေတာ နေရတယ်” ဟု ရန်ကုန်မြို့မှ အသက် ၃၀ အရွယ် ကုမ္ပဏီ၀န်ထမ်း အမျိုးသမီးတဦးက ပြောသည်။

ထိုသို့ အခြေခံစားသောက်ကုန်စျေးနှုန်းများမြင့်တက်နေသော်လည်း ရန်ကုန်မြို့တွင် စစ်တပ်အာဏာ သိမ်းပြီးနောက် ပေါများလာသည့် အရက်ဘီယာဆိုင်များနှင့် ကလပ်များ၊ ဘားများတွင် စျေးနှုန်းမြင့်တက် မှုမရှိပဲ လူစည်းကားနေဆဲသာ ဖြစ်ကြောင်း တွေ့ရသည်။

“အရက်ဆိုင်တွေ၊ ဘားတွေမှာတော့ စျေးတက်တာမရှိဘူး။ ဘီယာအမျိုးအစားနဲ့ ဆိုင်ပေါ်မူတည်ပြီး စျေး နှုန်းကွာခြားတာပဲ ရှိတယ်။ ဒါပေမယ့် နိုင်ငံခြားအရက်နဲ့ ၀ိုင်တွေကတော့ အရင်စျေးထက် တစ်သောင်း၊ နှစ်သောင်းလောက် စျေးတက်သွားတာမျိုးတွေရှိပါတယ်” ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သည့် လူငယ်အမျိုးသားတဦးက ပြောသည်။

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံ့စီးပွားရေးကျဆင်းမှုသည် အခြေခံလူတန်းစား ပြည်သူ များအတွက်သာ ပိုမိုသက်ရောက်မှုရှိနေပြီး စား၀တ်နေရေးကြပ်တည်းခြင်းကို သာမာန်လူလတ်တန်းစား ပြည်သူများထက် ပိုမိုကြုံတွေ့ခံစားနေရသည်။

ထို့ကြောင့် ရန်ကုန်၊ မန္တလေးအပါအ၀င် မြို့ကြီးများတွင် လုယက်မှုနှင့်ပစ္စည်းခိုးယူမှုများလည်း မကြာခဏ ဖြစ်ပွားနေပြီး အသက်အန္တရာယ်ခြိမ်းခြောက်ခံရသည့်ဖြစ်စဥ်များလည်း ဖြစ်ပွားနေသည်။

“မုန့်ဟင်းခါးကို အကြော်၊ အိုးဘဲဥနဲ့စားရင် ၁၅၀၀ လောက်ဖြစ်နေပြီ။ အရင်လို ၁,၀၀၀ တန်တရွက်က မနက် စာဖိုးတောင် မရှိတော့ဘူး။ အရင်လစာ ၈၀၀,၀၀၀ ရတဲ့လူက အခုအချိန်မှာ ၄၀၀,၀၀၀ လောက်ပဲ ရသလို ဖြစ်နေတယ်။ ထွက်ငွေကများပြီး ၀င်ငွေကအရင်တိုင်းပဲဆိုတော့ မလောက်ငှမှုတွေ ကြုံနေရပါ တယ်” ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly