ရေဖြူမြို့နယ်စစ်ရှောင်စခန်းများတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ဦးရေ ၁၀၀ ဝန်းကျင်ရှိနေ

By ကိုရွှေမြိတ်(မဇ္ဈိမ)
20 July 2023
ရေဖြူမြို့နယ်စစ်ရှောင်စခန်းများတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ဦးရေ ၁၀၀ ဝန်းကျင်ရှိနေ

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊  ရေဖြူမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင်  သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ဦးရေ ၁၀၀ ဝန်းကျင်ရှိနေပြီး  ကျန်းမာရေး စောင့်ရှောက်မှု အရေးပေါ် လိုအပ်ကြောင်း ဂိမှာန် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေး‌ရေး ကော်မတီ အဖွဲ့ တာဝန်ရှိသူထံက သိရသည်။

ထိုအရေအတွက်မှာ ယင်းအဖွဲ့က ရရှိထားသည့် စာရင်းသာဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားသူဦးရေ ပိုများနိုင်ကာ  စာရင်းအတိအကျရနိုင်ရန် ခက်ခဲကြောင်း ၎င်းက ဆိုသည်။ 

“အခု စစ်ရှောင် ပြည်သူတွေ အနေနဲ့ စနစ် တကျ တည်ဆောက် ထားတဲ့ စစ်ရှောင်စခန်းတွေ မရှိတဲ့ အတွက် အဆင်ပြေရာ နေရာတွေမှာ မှီခို နေထိုင်ကြရတော့ စာရင်း အတိ အကျ သိရဖို့ ခက်ခဲပါတယ်။ ကလေးတွေမှာ ဖြစ်ပွားမှု အတော်များပါတယ်။  အသက် ၁၅ နှစ်အောက်တွေပေါ့ ။ ဒါက ထားဝယ်ဒေသ ရေဖြူ တစ်ခုတည်းကို ပြောတာပါ ”ဟု  အဖွဲ့ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ရေဖြူမြို့နယ်ရှိ စစ်ရှောင်စခန်းများ အပြင် ကျေးရွာ အချို့တွင်လည်း သွေးလွန် တုပ်ကွေး ဖြစ်ပွားမှု မြှင့်တက်နေပြီး  အသက် သေဆုံးသူများ ရှိနေကြောင်း သိရသည်။ 

“ကျွန်တော်တို့ မြေပြင်က ရရှိတဲ့ အချက်အလက်များ အရ ဆိုရင် ရွာတွေမှာလည်း ဖြစ်နေသလို စစ်ရှောင် စခန်းတွေမှာ ဆိုရင် အခြေခံ လိုအပ်ချက်တွေများတော့ ပိုဖြစ်နေတယ်”ဟု ထိုအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

စစ်ရှောင်မိသားစုများသည် တောတောင်ထဲတွင် ရှောင်တိမ်းနေထိုင်ကြရပြီး  အမိုးအကာ၊ အနွေးထည် နှင့် အဝတ်အစားများ လုံလောက်မှုမရှိ၍ ထိုသို့ ဖြစ်ပွားသူများပြားနေခြင်းဖြစ်ကြောင်း  စစ်ရှောင် အရေး ကူညီပေးနေသူများထံက သိရသည်။

လက်ရှိတွင် သွေးလွန်တုပ်ကွေးရောဂါကုသရန် ဆေးဝါးနှင့် ဓာတ်ဆားထုတ်များ အရေးပေါ်လိုအပ်နေသည်။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် သယ်ဆောင်ထားသည့် ခြင်ကိုက်ခံရမှုမှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေပြီး အသက် သုံးနှစ်မှ ၁၅ နှစ်အတွင်း ကလေးငယ်များတွင် ရောဂါဖြစ်ပွားမှုများကြောင်း ဆရာဝန်များက ဆိုသည်။ 
 စစ်ကောင်စီက  ထားဝယ်ရေနက်ဆိပ်ကမ်း တည်ရှိရာ နဘုလယ်ဒေသ၊ ရေဖြူမြို့နယ်နှင့် လောင်းလုံးမြို့နယ်  တစ်လျှောက်ကို ပြီးခဲ့သည့်  ဇူလိုင်လ  ၁၁ ရက်နေ့က စကာ နယ်မြေ စီးနင်းမှု ပြုလုပ်ခဲ့သေးကြောင်း သိရ သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly