ဖိထာ၏ ဝန်ကြီးချုပ်ဖြစ်ရေး ကြိုးပမ်းချက် မအောင်မမြင် ဖြစ်ပြီးနောက် နိုင်ငံတွင် တည်တည်ငြိမ်ငြိမ် ရှိကြရေး ထိုင်းအစိုးရ တိုက်တွန်း

ဖိထာ၏ ဝန်ကြီးချုပ်ဖြစ်ရေး ကြိုးပမ်းချက် မအောင်မမြင် ဖြစ်ပြီးနောက် နိုင်ငံတွင် တည်တည်ငြိမ်ငြိမ် ရှိကြရေး ထိုင်းအစိုးရ တိုက်တွန်း
Photo-AFP

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ချီ (MFP) ပါတီခေါင်းဆောင် ပြုပြင်ပြောင်းလဲရေးသမား ဖိထာ လင်မ်ဂျရွန်ရတ်၏ ဝန်ကြီးချုပ်ရာထူး ရယူနိုင်ရေး ကြိုးပမ်းမှုက စစ်တပ်နှင့် ဘုရင်စနစ်ထောက်ခံသော အမတ်များ၏ ကဖျက်ယဖျက်လုပ်မှုကြောင့် အထမမြောက် ဖြစ်ခဲ့ရပြီးနောက် နိုင်ငံ၌ တည်တည်ငြိမ်ငြိမ် ရှိကြရေးအတွက် ယာယီဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဇူလိုင် ၂၀ ရက်တွင် တိုက်တွန်းပြောကြားသည်။

ဖိထာ၏ ပါတီသည် ပြီးခဲ့သည့် မေလ ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရခဲ့သော်လည်း ယမန်နေ့ ဇူလိုင် ၁၉ ရက်တွင် ဖိထာသည် ပါလီမန်အမတ်အဖြစ်မှ ယာယီ ဆိုင်းငံ့ခံခဲ့ရသလို ၎င်းကို ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် မဲခွဲရွေးချယ်ခွင့်မပြုရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ဟားဗက် ကျောင်းဆင်း လစ်ဘရယ် ခေါင်းဆောင်၏ ဝန်ကြီးချုပ်ရာထူး ကြိုးပမ်းချက် ကဖျက်ယဖျက်လုပ်ခံရမှုအပေါ် မကျေနပ်ဒေါသထွက်မှုများကို ထုတ်ဖော်ရန် ယမန်နေ့ညက လူ ၁,၀၀၀ ခန့်သည် ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခဲ့ကြပြီး ယင်းနောက် ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြသည်။

နိုင်ငံရေး မငြိမ်မသက်မှုတို့က ထိုင်းနိုင်ငံအတွက် အစိမ်းသက်သက်မဟုတ်သလို ၂၀၁၄ စစ်အာဏာသိမ်းမှုနှင့်အတူ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် ပရာယွတ် အနေဖြင့် ဖိထာကို ထောက်ခံသူများ၏ ခံပြင်းစိတ်ပျက်မှုတို့ကို နားလည်သဘောပေါက်ကြောင်း ပရာယွတ်၏ ရုံးက ပြောသည်။

သို့သော် ဘုရင်စနစ်နှင့်အတူ ထိုင်းနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းတစ်ခုဖြင့် ရှေ့ဆက်သွားစေရေးအတွက် ပရာယွတ်က ပြည်သူတို့ကို အနူးအညွတ် ပန်ကြားကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒါနာဒီရတ်က ပြောသည်။

“အမြင်သဘောထား ထုတ်ဖော်မှုတွေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေက အကြမ်းမဖက်ဘဲ၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတို့ကို မဖျက်ဆီးဘဲ ငြိမ်းငြိမ်းချမ်းချမ်း ရှိဖို့ လိုပါတယ်”

ဆယ်စုနှစ်တစ်စုနီးပါးကြာ စစ်တပ် ကျောထောက်နောက်ခံပြု အုပ်ချုပ်မှုကို စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ကြသည့် ထိုင်းလူငယ်နှင့် မြို့ပေါ် မဲဆန္ဒရှင်များ၏ မဲပေးမှုကြောင့် ဖိထာ၏ ရှေ့သို့ချီပါတီ (MFP) သည် မေလ ရွေးကောက်ပွဲတွင် နေရာအများစုကို အနိုင်ရခဲ့သည်။ သို့သော် ယင်းပါတီ၏ လုပ်ငန်းစဉ်တို့ကို ထိုင်း၏ ဩဇာရှိ ရှေးရိုးစွဲဝါဒီတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသည်။

ဘုရင်ကို ဝေဖန်သူများအား အများဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် တင်းကျပ်သော တော်ဝင်အသရေဖျက်မှု ဥပဒေများကို ပြင်ဆင်မည် ဆိုသည့် ကတိနှင့်ပတ်သက်ပြီး အပေးအယူလုပ်ညှိနှိုင်းမည် မဟုတ်ဟု MFP ပါတီက ငြင်းဆန်ထားသည်။

ထို့ပြင် MFP ပါတီ၏ ပြုပြင်ပြောင်းလဲရေး ပလက်ဖောင်းသည် ထိုင်းစီးပွားရေးတွင် သာမန်ထက် ကြီးသည့် အခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေသော မိသားစုပိုင် စီးပွားရေး လက်ဝါးကြီးအုပ်ထား မှုများအတွက် ခြိမ်းခြောက်မှုကို ဖြစ်စေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required