မော်လမြိုင်တွင် ၇၁ နှစ်အတွင်း စံချိန်တင်မိုးကြီး၊  မော်လမြိုင်နှင့်ပေါင်တွင် ရေဘေးကြောင့် ၃ ဦးသေ ၁ ဦးပျောက်ဆုံး

By ဂျူချန်း (မဇ္ဈိမ)
20 July 2023
မော်လမြိုင်တွင် ၇၁ နှစ်အတွင်း စံချိန်တင်မိုးကြီး၊  မော်လမြိုင်နှင့်ပေါင်တွင် ရေဘေးကြောင့် ၃ ဦးသေ ၁ ဦးပျောက်ဆုံး
ရေနစ်သေဆုံးသူတစ်ဦးအား သယ်ဆောင်လာစဉ်  Photo - အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် နှစ်ပေါင်း ၇၁ အတွင်း စံချိန်တင်မိုးကြီးပြီးနောက် ‌ပြည် နယ်အတွင်း မြို့နယ်အချို့၌  ရေဘေးကြုံတွေ့ခဲ့ပြီး  လူသုံးဦးရေနစ်သေဆုံးကာ တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင် မိုးကြီးပြီးနောက် မော်လမြိုင်မြို့တွင် ယမန်နေ့ ဇူလိုင်လ ၁၉ရက်က ၂၄နာရီအတွင်း မိုးရေချိန် ၂၂ဒဿမ၇၅ လက်မ ရွာသွန်းခဲ့သည်။ အဆိုပါ မိုးရေချိန်သည် ၇၁နှစ်အတွင်း အမြင့်ဆုံး စံချိန်တင်မိုးရေချိန်ဖြစ် ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနကထုတ်ပြန်ထားသည်။ 

မော်လမြိုင်မြို့တွင်သာမက မွန်ပြည်နယ်အတွင်းမြို့နယ်အများစုတွင် မိုးကြီးခဲ့ပြီး မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး စသည့် မြို့နယ်များတွင်  ဇူလိုင် ၁၇ရက်မှစ၍  ရေကြီးနစ်မြုပ်မှု ကြုံတွေ့ခဲ့သည်ဟု ဒေသခံများကပြောသည်။မော်လမြိုင်မြို့တွင် ယမန်နေ့‌နေ့လည်ကမြို့ပေါ်ရပ်ကွက်များ၌ ရေကြီးနေစဉ် သီရိမင်္ဂလာ (၁၇) လမ်းမှ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ် မိန်းကလေးတစ်ဦး၊ သီရိမြိုင်(၉) လမ်းအောက်ပိုင်းအသက် ၁၃နှစ်နှင့် ၁၄နှစ်အရွယ်ယောင်္ကျားလေးနှစ်ဦး ရေနစ်သေဆုံးခဲ့သည်ဟု မြို့ခံများက ပြောသည်။

အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ် ရေနစ်သေဆုံးမှုနှင့် ပတ်သက်၍ “အိမ်မှာ အဖိုးအဖွားနဲ့ နေရင်းမှ ပျောက်ဆုံးလို့ ရှာဖွေရာမှ ခြံထဲမှာရေနစ်သေဆုံးလျှက် တွေ့ရှိရခြင်းပါ” ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူဒေသခံတစ်ဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ 

နောက်ထပ်ရေနစ်သေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦးမှာ ရေထဲတွင်ဆင်း၍ ဆော့ကစားရာမှ နစ်မြုပ်သွားခြင်းဟု သိရသည်။ သုံးဦးစလုံး၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းများနှင့် ဒေသခံများက ဇူလိုင်လ ၁၉ရက်ည‌နေတွင်ပင် ရှာဖွေတွေ့ရှိခဲ့သည်ဟုသိရသည်။

ယမန်နေ့က  မိုးသည်းထန်ပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် မော်လမြိုင်မြို့၊သီရိမင်္ဂလာရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်အပါအဝင် မြို့ပေါ်ရပ်ကွက်အများစု ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။ လူဦးရေ ၇၀၀ ထက်မနည်းကို ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ပေါင်မြို့နယ်၊ ဥတ္တံားကျေးရွာတွင် အသက် ၃၀နှစ်အရွယ် ရွာသားတစ်ဦးသည် တောင်ကျချောင်းရေနှင့်အတူ မျောပါလာသော ထင်းကိုဆယ်ရင်း ‌ရေနစ်ပျောက်ဆုံးသွားကြောင်း သိရသည်။

“အဲ့ရက်က မိုးလည်းတအားရွာတာ။ ချောင်းရေကလည်း ရေစီးကြမ်းတော့ မျောသွားတာ။ မီးသတ်တွေလိုက်ရှာပေမယ့် ပြန်မတွေ့ဘူး” ဟု ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံခြင်းအပြင်အချို့နေရာများ၌ အုတ်တံတိုင်းနှင့် လမ်းတံတားပြိုခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဇူလိုင်၁၉ ရက်နေ့နံနက်ပိုင်း၌ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ မော်လမြိုင်-ဘားအံကားလမ်းဘေးရှိ အဆောက်အဦအုတ်တံတိုင်းပြိုကျပြီး လူနှစ်ဦး ပိတ်မိခဲ့သည့် အတွက် ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်ခဲ့ရသည်ဟု မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန် သည်။ ယင်းနေ့နံနက် ၇နာရီခွဲခန့်တွင် ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာတွင် တောင်မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံး၏ အနောက်ဘက် ပျက်စီးခဲ့သည်။  အနီးဝန်းကျင်ရှိ နေအိမ်ခြောက်လုံးမှ ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ရေးမြို့နယ်၊ ရေး-ကျောင်းရွာလမ်းပိုင်း၊ ကျောက်မိချောင်းကျေးရွာအနီးရှိ ချောင်းကူး တံတားတစ်စင်းလည်း  ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မွန်ပြည်နယ်သည် မိုးတွင်းကာလ မုတ်သုံလေအားကောင်းပါက မိုးအဆက်မပြတ်ရွာသွန်းပြီး ရေ ဘေးရင်ဆိုင်ရလေ့ရှိသည်။ ၂၀၁၉ခုနှစ် မိုးရာသီက ကြုံတွေ့ခဲ့သော ရေဘေးတွင် မော်လမြိုင်၊ ဘီလင်း၊ ရေး၊ ပေါင်နှင့် သထုံမြို့နယ်တို့၌ ရေကြီးနစ်မြုပ်မှုဆိုးရွားစွာကြုံတွေ့ခဲ့သည်။ ရန်ကုန်- မွန်ပြည်နယ်လမ်းမပေါ်ရှိ  ပေါင်မြို့နယ်၊ သဲဖြူကုန်းရွာမှ မလတ်တောင်သည် ၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၉ရက်တွင် ပြိုကျခဲ့ရာ လူ၇၀ ဦးထက်မနည်း သေဆုံးခဲ့သည်။ မွန်ပြည်နယ်တွင် ထိုကာလက ၁၀ရက်ဆက်တိုက် နေ့စဉ် မိုးရေချိန် ၁၀လက်မကျော်ရွာပြီး အထက်ပါ သဘာဝဘေး ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် မွန်ပြည်နယ်၌ မိုးရွာသွန်းမှု လျော့ကျသွားသော်လည်း ရေဘေးဆက်လက်ကြုံတွေ့မည်ကို ဒေသခံများကစိုးရိမ်နေသည်။မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းတွင် ဇူလိုင်လ ၁၇ရက်မှ  ယနေ့  ဇူလိုင်လ ၂၁ရက်နေ့အထိ  မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုဘေးနှင့် မြေပြိုမှု‌ဘေးအန္တရာယ်သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာနက ဇူလိုင်လ၁၇ရက်တွင် သတိပေးချက်ထုတ်ပြန်ထားသည်။

စာတည်း-မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly