သိမ်ဇရပ်တွင် စစ်ကောင်စီတပ်သားနှင့် ဆိုင်ကယ်မတော်တဆဖြစ်သူကို တပ်တွင်းသို့ ခေါ်ယူသတ်ဖြတ်

By ဂျူချန်း (မဇ္ဈိမ)
20 July 2023
သိမ်ဇရပ်တွင် စစ်ကောင်စီတပ်သားနှင့် ဆိုင်ကယ်မတော်တဆဖြစ်သူကို တပ်တွင်းသို့ ခေါ်ယူသတ်ဖြတ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် စစ်ကောင်စီတပ်၏ အမတ(၃၁၀)က အရပ် သားတဦးအား တပ်တွင်းသို့ခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများကပြောကြားသည်။

သိမ်ဇရပ်မြို့ ကားဂိတ်လမ်းဆုံတွင် ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်၌ အသက် ၂၅ နှစ်အရွယ် မောင်ချစ်လေးနှင့် သိမ်ဇရပ်အခြေစိုက် အမတ(၃၁၀)မှ စစ်ကောင်စီတပ်သားတဦးတို့ ဆိုင်ကယ်ချင်းချိတ် မိရာမှ မတော်တဆဖြစ်ပွားခဲ့ရာ ဖြစ်စဉ်ဖြစ်ပွားပြီး ၁၅ မိနစ်အကြာတွင် စစ်ကောင်စီတပ်သားများ ရောက် ရှိလာပြီး မောင်ချစ်လေးအား ဆိုင်ကယ်နှင့်အတူ တပ်တွင်းသို့ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရင်းမြစ် ကပြောသည်။

“ဈေးကနေ အထုတ်နှစ်ထုပ် ဆိုင်ကယ်ပေါ်တင်ပြီးထွက်လာတာ။ ကားဂိတ်လမ်းလမ်းဆုံမှာ မတော်တဆ ဖြစ်ပြီး မောင်ချစ်လေးက တောင်းပန်သေးတယ်။ တဖက်က ဖုန်းပဲဆက်နေပြီး နောက် ၁၅ မိနစ်လောက် နေတော့ စစ်သားတွေရောက်လာပြီး တပ်ထဲခေါ်သွားတာ။ နောက်တရက်ကျတော့ အလောင်းလာထုတ် ခိုင်းတယ်” ဟု သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ဆိုင်ကယ်ဖြင့်ချိတ်မိသည့် စစ်ကောင်စီတပ်သားသည် မည်သည့်အဆင့်ရာထူးရှိသည်ကို မသိရသော် လည်း ဈေးဝထိပ်တွင်ရှိသည့် ကားဂိတ်လမ်းဆုံတွင်ဖြစ်ပွားခဲ့သောကြောင့် မျက်မြင်သက်သေများရှိ ကြောင်း ၎င်းက ဆက်ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင် တပ်တွင်းသို့ခေါ်ဆောင်သွားပြီးနောက် ဇူလိုင် ၁၉ ရက်နေ့ နံနက်ပိုင်းတွင်  သိမ်ဇရပ်တိုက်နယ်ဆေးရုံအုပ် ဒေါက်တာမြတ်ဆုဝေ၏လက်မှတ်ဖြင့် အမတ(၃၁၀)မှ အလောင်းလာ ရောက်ထုတ်ယူရန် မိသားစုထံသို့ အကြောင်းကြားစာပို့ခဲ့သည်။

သေဆုံးသူ မောင်ချစ်လေး၏ခန္ခာကိုယ်တွင် ခေါင်းပိုင်းညိုမဲစွဲဒဏ်ရာ၊ နှုတ်ခမ်းကွဲဒဏ်ရာ၊ လည်ပင်း နှင့်ကုတ်ပိုး ညိုမည်းစွဲဒဏ်ရာ၊ ဦးခေါင်းဒဏ်ရာများ တွေ့ရှိရကြောင်း သတင်းရင်းမြစ်မှ ပြောသည်။

အလောင်းသွားရောက်ထုတ်ယူရာတွင် စစ်ကောင်စီ၏ အမတ(၃၁၀)သို့ ငွေကျပ် ၂၀၀,၀၀၀ ပေးခဲ့ရပြီး သေဆုံးသူမောင်ချစ်လေး၏ ဆိုင်ကယ်နှင့် အထုပ်နှစ်ထုပ်ကို ပြန်မပေးကြောင်း မိသားစုနှင့်နီးစပ်သူမှ သတင်းရင်းမြစ်ကို ပြောကြားသည်။

“ပိုက်ဆံက စစ်တပ်က တောင်းတာ။ ဆိုင်ကယ်နဲ့ ဈေးထုပ်တွေလည်း ပြန်မပေးဘူး။ ကာယကံရှင်ကို လည်း ဆက်မမေးရက်တော့ဘူး။ သူလည်း ကြောက်နေတာ” ဟု သတင်းရင်းမြစ်က ပြောသည်။

မောင်ချစ်လေးသေဆုံးကြောင်း အကြောင်းကြားစာ၌ ဇီးပြောင်း(၁)ကျေးရွာနေထိုင်သူဟု ဖော်ပြထားပြီး ၎င်းမှာ ချောင်းစောက်ကျေးရွာတွင်နေထိုင်သည့် သာမာန်အရပ်သားတဦးသာဖြစ်ကြောင်း သိရသည်။ 

သိမ်ဇရပ်တွင် စစ်ကောင်စီတပ်က အရပ်သားများအားတပ်တွင်းသို့ ခေါ်ယူသတ်ဖြတ်ခြင်းဖြစ်စဉ် နှစ်ကြိမ် ရှိပြီဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း ရွှေကျင်မြို့နယ်၊ ဆိပ်ကလေးကျေးရွာနေ ကိုကျော်ဇင်လတ် သည် ခရီးသွားလာရင်း အမတ(၃၁၀)ရှေ့တွင် ဈေးဆိုင်ဖွင့်ထားသည့် တပ်ကြပ်ကြီး ဦးတင့်ရွှေ(ငြိမ်း)၏ ချွေးမဖြစ်သူ မဥမ္မာနှင့် ဈေးဝယ်ရင်းစကားများရန်ဖြစ်ရာမှ စစ်ကောင်စီတပ်သားများကတပ်တွင်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။ 

ထို့နောက် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကိုကျော်ဇင်လတ်သေဆုံးကြောင်း ခမရ(၂၀၇)မှ အကြောင်းကြား စာပို့ခဲ့ကြောင်း။ ၎င်းအကြောင်းကြားစာတွင် ကိုကျော်ဇင်လတ်မှာ အရက်အလွန်အကျွံ သောက်သုံးသဖြင့် သေဆုံးကြောင်းဖော်ပြထားသော်လည်း သေဆုံးသူ၏ခန္ဓာကိုယ်တွင် ရိုက်နှက်ခံထားရသည့် ညိုမဲစွဲဒဏ် ရာများတွေ့ရကြောင်း သတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကြောင့် အရပ်သား ၃၈၁၀ ဦး သတ်ဖြတ်ခံခဲ့ရပြီး ဇူလိုင်လ ၁၉ ရက် နေ့အထိ မွန်ပြည်နယ်တွင် စစ်ကောင်တပ်စီကြောင့် အရပ်သား ၆၇ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly